မေ့တတ်နေသလား

      လူတိုင်းလူတိုင်း မေ့တတ်ကြတာပါပဲ။ ကျနော်လဲ မေ့တတ်တာပဲ။ ရေချိုးပြီး မျက်မှန်ဘယ်နား ထားမိမှန်းမသိလို့ ဒုက္ခရောက်တာလဲ ခဏခဏ။
      ဒါပေမယ့် အောက်ပါ လက္ခဏာသုံးခုပေါ်လာရင်တော့ အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ သက်ကြီးအတိတ်မေ့ရောဂါ နဲ့ ဆက်စပ်နေပြီမို့ အလေးထားသင့်ပါတယ်။

၁. အလွန်အကျွံမေ့တတ်တာ
ကားသော့ ဘယ်နားထားမိမှန်းမမှတ်မိတာ ပုံမှန်ဖြစ်ပေမယ့် ကားကို ဘယ်နားပါကင်ထိုးထားမှန်းမသိတာမျိုး ခဏခဏဖြစ်လာရင်တော့ ပြဿနာဖြစ်နေပါပြီ။



၂. ဘယ်လိုအလုပ်လုပ်ရမှန်း မသိတော့တာ
ပုံမှန်မှတ်ဥာဏ်ဆုံးရှုံးတာနဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းဆုံးရှုံးတာကြောင့် သင့်ရဲ့ နေ့စဉ်ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အလေးထားကုသသင့်ပါတယ်။ နေ့စဉ် ထမင်းချက်နေတဲ့ အိမ်ရှင်မတွေ ထမင်းဟင်း ဘယ်လိုချက်ရမလဲ မသိတော့တာ၊ ကားမောင်းနေတဲ့ လူက ရုတ်တရက် ကားဘယ်လို မောင်းရမလဲ မသိတော့တာတွေဟာ လျစ်လျှူမရှုသင့်တော့တဲ့ အခြေအနေပဲဖြစ်ပါတယ်။

၃. သင့်ရဲ့ မေ့လျှော့မှုကို မိသားစု၊ မိတ်ဆွေတွေက သတိပေးနေရရင်
စကားပြောနေရင်းက ဘာပြောနေမှန်းကို မမှတ်မိတော့တာ၊ ဆွေမျိုးသားချင်းတွေရဲ့ နာမည်ကို မမှတ်မိတော့တာတွေဖြစ်လာရင် ဆရာဝန်နဲ့ ကုသသင့်နေပါပြီ။

ဒီလိုဖြစ်မလာအောင် ပတ်ဝန်းကျင်က အစားအသောက်တွေထဲက မှတ်ဥာဏ်ကို အထောက်အကူပြုမယ့် အစားအသောက်ကိုးမျိုးကို ဖေါ်ပြလိုက်ပါတယ်။ New York ကအာဟာရဆိုင်ရာ ဗဟိုဋ္ဌာနရဲ့ လေ့လာချက်တွေအရ ဒီအစားအသောက်တွေဟာ သက်ကြီးအတိတ်မေ့ရောဂါကို တားဆီးနိုင်တဲ့ အာဟာရတွေဖြစ်ပြီး ဦးနှောက်ကျန်းမာဖွံ့ဖြိုးစေကြောင်း တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

မှတ်သားနိုင်စွမ်းကောင်းစေမည့် အစားအစာ ကိုးမျိုး

ဆီ
သံလွင်ဆီ၊ မြေပဲဆီ၊ ဟင်းရွက်ဆီ၊ နေကြာဆီ၊ နဲ့ ပဲဆီတွေဟာ ဗီတာမင်အီး ပါတဲ့ ကျန်းမာရေး အထောက်အကူပြု ဆီတွေပဲဖြစ်ပါတယ်။ သဘာဝအစားအစာက ရတဲ့ ဗီတာမင်အီးဟာ အာရုံကြောဆိုင်ရာ စနစ်တွေကို အထောက်အကူပြုပါတယ်။ အယ်လ်ဇိုင်းမားရောဂါရဲ့ အဓိကပြဿနာက အာရုံကြောစနစ်တွေ ချို့ယွင်းတာဖြစ်တဲ့အတွက် ဗီတာမင်အီးက အလိုအပ်ဆုံးပါ။

ငါး
ဆော်လမွန်၊ မက်ကရယ်၊ တူနာနဲ့ တခြားငါးတွေမှာ နှလုံးအတွက်ကောင်းမွန်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေ ပြည့်ဝစွာပါဝင်ပြီး ဦးနှောက်ရဲ့ သဘာဝလုပ်ဆောင်ချက်တွေကို အထောက်အကူ ပြုတဲ့ Docosahexaenoic (DHA) တွေပါဝင်ပါတယ်။ ဒါကြောင့် ငါးစားတာက သင့်ဦးနှောက်အတွက် အကျိုးရှိစေပါတယ်။

နေကြာစေ့
နေကြာစေ့မှာ အကောင်းဆုံးဗီတာမင်အီးတွေပါဝင်ပါတယ်။ နေကြာစေ့တအောင်စကနေပြီး နေ့စဉ်လိုအပ်တဲ့ ဗီတာမင်အီး ၃၀% ရရှိနိုင်ပြီး ဦးနှောက်ကို ကြည်လင်စေပါတယ်။

ကောက်နှံ
ကောက်နှံတွေ၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အသီးအနှံတွေကို စားသုံးပေးခြင်းဖြင့် တခြားသော စိတ်ဖိစီးမှု ၊ သွေးကြောရောဂါတွေနဲ့ နှလုံးရောဂါအန္တရာယ်တွေကို လျော့ကျစေပါတယ်။

ထောပတ်သီး
ထောပတ်သီးမှာ အင်တီအောက်ဆီးဒင့် နဲ့ ဗီတာမင်အီးကြွယ်ဝပါတယ်၊ အယ်ဇိုင်းမားကို လျော့ကျစေတဲ့ အကောင်းဆုံးအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းရွက်များ
ကိုက်လန်၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစိမ်းရင့်ရောင် အသီးအနှံတွေမှာ ဗီတာမင်အီးနဲ့ ဖောလိတ် တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ဟင်းနုနယ်ရွက်တရွက်မှာ ဗီတာမင်အီး ၁၅% ပါဝင်ပါတယ်။ ဖောလိတ်ဓာတ်ဟာ ဦးနှောက်ကင်ဆာကို ကာကွယ်နိုင်တယ်လို့ စမ်းသပ်မှုတွေမရှိသေးပေမယ့် သွေးထဲက ဟိုမိုစစ်စတင်း (homocysteine) ပမာဏကို လျော့ကျစေပါတယ်။ ဟိုမိုစစ်စတင်းပမာဏ များတာဟာ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေ ကို တိုက်ခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ဖောလစ်အက်ဆစ်ကတော့ ဟိုမိုစစ်စတင်း အဆင့်ကို လျှော့ချပေးတာကြောင့် ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးအပြင် နှလုံးရောဂါကိုပါ လျှော့ချပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

မြေပဲထောပတ်
သဘာဝအဆီတွေမြင့်မားစွာပါဝင်တဲ့ မြေပဲနဲ့ ထောပတ်ရောထားတာမျိုးပါ။ ဗီတာမင်အီးလည်းပါဝင်ပါတယ်။ နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးကောင်းစေတဲ့ အစားအစာပါ။

အနီရောင်ဝိုင်
တနေ့တခွက်သောက်မယ်ဆိုရင် အယ်လ်ဇိုင်းမားရောဂါကို လျှော့ချပေးနိုင်ပါတယ်။ အလွန်အကျွံသောက်ရင်တော့ မကောင်းဘူးပေါ့။

ဘယ်ရီသီး
သဘာဝနုပျိုဆေးလို့တောင် အမည်ပေးထားတဲ့ ဘယ်ရီသီးအမျိုးမျိုးဟာ သင့်ဦးနှောက်ကို နုပျိုစေပြီး မှတ်ဥာဏ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း
အစားအစာတမျိုးလိုပဲ သင့်တနေ့တာမှာ ထည့်သွင်းပေးသင့်တဲ့ အလေ့အကျင့်ကောင်းတခုဖြစ်ပါတယ်။

မေ့လျှော့ခြင်း ကင်းကြပါစေ။

ခင်တဲ့
waiyanlin

Comments