A man without an Appetite - Written by - Dr. Breuer
ကျနော် ကြိုးစားပြီး ဘာသာပြန်ကြည့်ထားတာ။
ဖတ်ရှုကြသူများ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဆေးပညာဆိုင်ရာ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတပုဒ်ပါ။
မကောင်းရင်တော့ ငှက်ကလေး ဘာသာပြန်တာညံ့တာဖြစ်မှာပါ။
ခင်တဲ့
waiyanlin
စာဖတ်သူတို့ဟာ အနောက်အလယ်ပိုင်းမှာ နေပြီး သတင်းစာ နေ့စဉ်ဖတ်သူများဆိုရင် အဲဒီအချိန်သတင်းစာမှာပါတဲ့အကြောင်းအရာတွေဟာ ကျွန်တော် ခုပြောမယ့် အကြောင်းအရာတွေရဲ့ အစ ဖြစ်ပါတယ်။ သတင်းစာမှာ စတင်ပါလာတာကတော့ ၀င်းစလိုး ပါဝင်ပတ်သက်ချိန်က စတာဖြစ်တယ်။ အဲဒီအချိန်သတင်းစာထဲမှာ ဒီအဖြစ်အပျက်ကို စတင်ဖြစ်ပေါ်စေမဲ့အကြောင်းအရာတွေ ပါဝင်ခဲ့တယ်။ အံ့သြဖို့ကောင်းအောင် ဥာဏ်ပညာကြီးမားတဲ့ ဒေါက်တာ ဘော်လ်နီ နဲ့ သူ့ရဲ့ လှပတဲ့ ချစ်ဇနီး ဟယ်ရစ်ဆန်အထက်တန်းကျောင်းဆရာမ လေး အကြောင်းလဲပါခဲ့တာပေါ့။ ကျွန်တော် သူမကို သိတာ အတော်ကြာပြီ။ သူမက တကယ်ကို လှပပါတယ်။ သူမရဲ့ ဓါတ်ပုံတွေက သူမရဲ့ တကယ့် အလှတရားကို မပြနိုင်ပါဘူး။ သူမလှတယ်ဆိုတာ မျက်နှာမှာတင်မဟုတ်ဘူး။ သူမရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ကိုယ်ဟန်အမူအယာ၊ စကားပြောဆိုပုံ နဲ့ အပြုအမူ တွေကို ကင်မရာက မဖေါ်ပြနိုင်ပါဘူးလေ။
ဒီအချိန်မှာ အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်ခဲ့တယ်။ ၀င်းစလိုးရေနွေးငွေ့သင်္ဘောကော်ပိုရေးရှင်းဥက္ကဋ္ဌ ရဲ့သား ၀င်းစလိုးနဲ့ မစ် ဟိုလီတို့ တနင်္ဂနွေနေ့လည် မြစ်ကမ်းဘေးပျော်ပွဲစားထွက်ရင်းတွေ့ခဲ့ရာက စတာပေါ့။ သတင်းစာတွေက ၀င်းစလိုးကို ပုံဖေါ်တာတာ တကယ့်ကို မှန်တယ်။ ပိုက်ဆံချမ်းသာပြီးအလုပ်များတဲ့ အဖေရဲ့ အသုံးမကျတဲ့သားအဖြစ်ပြောကြတယ်။ သူကလည်းတကယ့်လူပါပဲ။ အရက်သောက်၊လောင်းကစား၊မိန်းမလိုက်စား တစ်ခုမှမလွတ်ဘူးလေ။ သူ့ရဲ့ကျန်းမာရေးကတော့ ဖေါ်မပြနိုင်တဲ့ရောဂါတွေကြောင့် အောက်ခြေကနေ လှိုက်စားနေတာပေါ့။ ဒါတွေက နောက်မှပေါ်လာတာပါ။ အစပိုင်းမှာတော့ သူ့ရဲ့ ခန့်ညားတဲ့ရုပ်ရည်နဲ့ အထက်တန်းကျတဲ့ဝတ်စားဆင်ယင်မှုကြောင့် မိန်းကလေးတွေ အထင်ကြီးစရာဖြစ်ခဲ့တယ်။ သူ့အကြောင်းသေချာမသိတဲ့လူတွေက သူ့ရဲ့ ပြင်ပရုပ်ဆင်းကိုကြည့်ပြီး ခေတ်သစ်ယဉ်ကျေးမှုရဲ့ ပြည့်စုံတဲ့ ပြယုဂ်တစ်ခုလို့ ထင်ကြလိမ့်မယ်။
ဝင်းစလိုး က အစပိုင်းမှာ မစ်ဟိုလီရဲ့ အချစ်ကို ရမယ်လို့တောင် ထင်ခဲ့ရတယ်။ အဆိုးမြင်သမားတွေကတော့ ကောင်မလေးက ၀င်းစလိုးထက် သူ့အဖေရဲ့ ဒေါ်လာတွေကို ပိုမက်တာလို့ ပြောကြတယ်။ ဒါပေမယ့် မစ်ဟိုလီက ရာစုနှစ်ရဲ့ ဥာဏ်ပညာအကြီးဆုံး တစ်ယောက်နဲ့ ပါတ်သက်ခဲ့တယ်။ ဒေါက်တာဘော်လ်နီ၊ သူက သူလုပ်ဆောင်ရမယ့်အချိန်ကိုသိတယ်။ ပြီးတော့ ချက်ခြင်းလုပ်ဆောင်လိုက်တယ်။ ကျွန်တော်က ဒေါက်တာဘော်လ်နီရဲ့ အရင်းနှီးဆုံးတစ်ယောက်ဖြစ်တော့ သူ မိန်းကလေးရဲ့ အချစ်ကို ရမယ်ဆိုတာ ကြိုမြင်ခဲ့တယ်။ ၀င်းစလိုးဟာ မိန်းကလေးရဲ့ မျက်နှာသာပေးခံရအောင်လို့ ဘယ်ညာ လက်နဲ့ ပိုက်ဆံတွေကြဲဖြန့်လမ်းခင်းခဲ့တယ်။ ဒါပေမယ့် ဒေါက်တာဘော်လ်နီက အရေးကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့ မစ် ဟိုလီရဲ့ အချစ်ကို ပိုင်ပိုင်ရခဲ့တယ်။ မစ် ဟိုလီကလည်း ၀င်းစလိုးရဲ့ လက်ဖွာဖွာသုံးပြီးလူပျိုလှည့်တာကို ငြင်းပယ်ပြီး ဒေါက်တာဘော်လ်နီအပေါ်မှာ သစ္စာရှိခဲ့တယ်။
ဝင်းစလိုးဟာ အချစ်ရေးမှာ သူရှုံးနိမ့်ပြီဆိုတာကိုသေချာသိတဲ့ အခါ အရူးတစ်ယောက်လိုပြုမူခဲ့တယ်။ ကျွန်တော့အမြင်ကိုပြောရရင် သူ့အတွက် ဒီကံဆိုးတဲ့ဖြစ်ရပ်က သူ့ ရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကို ပြလိုက်တယ်ထင်တယ်။ ကိုယ့်ကိုကိုယ်ထိန်းနိုင်တဲ့လူဆို အခုသူလုပ်သလိုလုပ်မှာ မဟုတ်ဘူးလေ။ သူက တစ်နေ့ ဒေါက်တာဘော်လ်နီကို သတ်မယ်လို့ ကြိမ်းဝါးခဲ့တယ်။ တစ်ကယ်ပဲသူက ညအခါပန်းခြံထဲမှာ ဒေါက်တာဘော်လ်နီ တစ်ယောက်ထဲရှိနေချိန်မှာတိုက်ခိုက်ခဲ့တယ်။ ရလာဒ်ကတော့ သူပြဿနာရှာတဲ့အတွက် သူ့မျက်လုံးအညိုအမဲစွဲပြီး သူ့ နှာခေါင်းရိုးကျိုးသွားတာပါပဲ။ ဒီအကြောင်းတွေကတော့ အဲဒီအချိန်ကသတင်းစာဖတ်သူတိုင်း ကောင်းကောင်းသိတဲ့အကြောင်းတွေပါပဲ။ ကျွန်တော်ပြောချင်တဲ့ ဘော်လ်နီအကြောင်းက သူများတွေမသိပဲ ကျွန်တော်ပဲသိထားတဲ့ အကြောင်းတွေပါ။
ဟုတ်တယ်။ ကျွန်တော်သူ့ဆီအလည်သွားရမယ်။ အခုဆိုရင် ကျွန်တော်တို့ နှစ်ယောက်လုံးဟာ လောကကြီးမှာ ကောင်းကောင်းရပ်တည်နေနိုင်ပြီ။ ကျွန်တော်တို့ ကျောင်းသားဘ၀ အတူတူရှိခဲ့တုန်းကအချိန်တွေကို ရှေးဟောင်းနှောင်းဖြစ်ပြန်ပြောချင်တယ်။ ကျွန်တော်တို့ နှစ်ယောက်က အရမ်းခင်ကြတယ်။ အဓိကကတော့ ဆင်းရဲတာတူလို့ပေါ့။ သူက ကျွန်တော့်ထက်ပိုပြီးဆင်းရဲတယ်။ ဒါပေမယ့် အရမ်းအံ့သြဖို့ကောင်းတဲ့ ဥာဏ်ရှိတယ်။ ကျွန်တော်ဆိုတခါတလေငတ်တယ်။ သူကတော့ အကြိမ်များစွာ ငတ်နေတာ။ တခါတလေဆို ကျွန်တော့ရဲ့ မဖြစ်စလောက် အစာလေးတွေ သူ့နဲ့ ဝေမျှစားသောက်ရသေးတယ်။
ဒီလိုတွေကြုံတွေ့ရတဲ့အခါ သူက လူတွေအစာစားဖို့လိုတဲ့ကိစ္စကို ငြီးတွားတယ်။ လူတွေအစားစားဖို့လိုတာက စားစရာမရှိတဲ့လူတွေအတွက် အဆင်မပြေရုံတင်မကဘူး။ သဘာဝနိယာမအရလည်း ဒါဟာလူတွေအတွက် အားနည်းချက်ဖြစ်တယ်လို့ ဆိုတယ်။ အပင်တွေဆို အစာစားဖို့မလိုပဲ အာဟာရဓါတ်ကိုရရှိနိုင်တဲ့အတွက် ပိုပြီးကောင်းမွန်တဲ့ အားသာချက်ရှိတဲ့ အကြောင်းသူအမြဲပြောလေ့ရှိတယ်။
ဘော်လ်နီဟာ ရှိရှိသမျှသိပ္ပံကျောင်းသားတွေထဲမှာ ဥာဏ်အထက်ဆုံးလို့ ဖြစ်ခဲ့တယ်။ သိပ္ပံ ပညာ နယ်ပယ်မှာ ကျွန်တော့ရဲ့ အောင်မြင်မှုတွေက မဖြစ်စလောက်သာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်ဟာ သူ့ ရဲ့ သဘာဝလွန်ထူးခြားတဲ့ ဦးဏှောက်စွမ်းရည်ကို အမြဲအလေးထားခဲ့ရတယ်။ သူ့မိန်းမဟာ တခါတရံ သူ့ အတွေးအခေါ်တွေအပေါ်မှာ ထိတ်လန့် မှုဖြစ်တာလောက်ကိုတော့ ကျွန်တော်မအံ့သြတော့ပါဘူး။ သိပ္ပံနယ်ပယ်တွေမှာရှိတဲ့ သူ့ရဲ့ ကျယ်ပြန့်တဲ့ အသိပညာ၊ ထူးခြားတဲ့အရည်အသွေးနဲ့ အတွေးအခေါ်တွေဟာ သူ့ရဲ့ သိုသိုဝှက်ဝှက်လုပ်ကိုင်မှုနဲ့ သူ့အရည်အသွေးကို မပေါ်လွင်အောင်ဖုံးဖိလုပ်ကိုင်မှု တွေနဲ့ နှိုင်းယှဉ်ရင် သိပ်အံ့သြစရာ မရှိပါဘူး။ ကျွန်တော်နဲ့ လူအများစုက သူ့ကို ငြီးငွေ့ဖို့ကောင်းတဲ့ လူတယောက်လို့ ထင်ကြတယ်။
သူဟာဘယ်လိုလူစားမျိုးဆိုတာမြင်လွယ်အောင် တက္ကသိုလ်တုန်းက တချို့ အဖြစ်အပျက်လေးတွေကိုပြန်ပြောပြမယ်။ နေ့လည်ခင်းတစ်ခုပေါ့၊အဲဒီနှစ်ရဲ့ အကောင်းဆုံးေ ဘာလုံးပွဲကျင်းပနေတယ်။ လေထုတစ်ခုလုံးအပျော်တွေစိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတယ်။ ကျောင်းသားသစ်က စပြီး ပရော်ဖက်ဆာ အထိ လူတိုင်း ဘောလုံးကွင်းထဲမှာ စိတ်အားထက်ထက်သန်သန်နဲ့ အားပေးနေကြတယ်။ ဘော်လ်နီကတော့ အဲဒီမှာ မရှိဘူး။ ကျွန်တော်သူ့ကို မနက်မိုးလင်းထဲက မတွေ့ရတာ။ နောက်ဆုံးတော့ သူ့ ကို ချောင်ထဲက ဇီဝဗေဒဓါတ်ခွဲခန်းထဲမှာ ဖန်ပုလင်းတွေပတ်လည်ဝိုင်းပြီး မိုက်ကရိုစကုပ်ကြည့်နေတာကို တွေ့လိုက်ရတယ်။
ဘောလုံးပွဲဟုတ်လား။ သူဟာ အမှတ်မဲ့ရေရွတ်လိုက်တယ်။ "ဒီမှာကြည့်စမ်း။ (အေဘိုင်အိုဂျီနီးစစ်) ဆိုတာဘာလဲသိလား။ ဒီမှာကြည့်။ "ကျွန်တော်က ဘောလုံးပွဲမှာ အရမ်းစိတ်အားထက်သန်နေတော့ ပထမ သူဘာပြတယ်ဆိုတာ မမြင်ဘူး။ နောက်မှ လှုပ်ရှားနေတဲ့ အစက်အပြောက်လေးတွေကို မိုက်ကရိုစကုပ်ထဲက နေတွေ့ရတယ်။ နောက်ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ ဒီအရာလေးတွေနဲ့ (အေဘိုင်အိုဂျီနီးစစ်)နဲ့ ဘယ်လိုများပတ်သက်လဲ လို့ တွေးမိတယ်။ အဲဒီတုန်းက ကျွန်တော်တို့ သိပ္ပံလောကမှာ သက်ရှိကနေမဟုတ်ဘဲ သက်မဲ့ ဒြပ်ပေါင်းတွေကနေ သက်ရှိတွေကို ဓါတ်ခွဲခန်းမှာ ဖန်တီးယူတာကို ပြောဆိုနေကြတဲ့ အချိန်ပေါ့။
(အေဘိုင်အိုဂျီနီးစစ် = သက်မဲ့မှသက်ရှိအဖြစ်ပြောင်းလဲခြင်း)
ဘော်နီအတွက်တော့ ဒါဟာမကြာခဏဖြစ်နေကျပါ။ ထူးဆန်းတဲ့ အတွေးရပြီဆိုရင် ကျောင်းမတက်၊ ကျန်းမာရေးလဲ ဂရုမစိုက်ပဲ အဲဒီအတွေးအတွက် ရှိသမျှအချိန်တွေကို ဓါတ်ခွဲခန်းမှာ စမ်းသပ်လုပ်ကိုင်ရင်းကုန်ဆုံးနေကျလေ။ တခါတုန်းကဆိုရင် သူ့ရဲ့ ပရော်ဖက်ဆာရေးထားတဲ့ ဖတ်စာအုပ်မှာ ပါတဲ့ အကြောင်းအရာတခု မှားကြောင်းသက်သေပြဖို့ နှစ်ပါတ်လောက် ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်မှုလုပ်နေခဲ့တယ်။ သူစိတ်ကျေနပ်လောက်အောင် သက်သေပြနိုင်ပြီဆိုတော့ သူ့ရဲ့ဆရာမှားကြောင်းသက်သေပြထာတဲ့ သူ့မှတ်စုတွေကို လွင့်ပစ်ပြီးဒီအကြောင်းဘာမှ မပြောတော့ဘူး။ ဒါဟာသူအမြဲလုပ်လေ့ရှိတဲ့ ပုံပဲ။ သူ့ ရဲ့ သုတေသန အလုပ်တွေကို လျှို့ဝှက်မလုပ်ဘူး။ ဒါပေမယ့် သူများကို ပြောပြဖို့ ၀န်လေးတယ်။ တခါကဆိုရင်လဲ သူက သတ္တဗေဒ ဋ္ဌာနက ကြောင်တကောင် ယူသွားတယ်။ နောက်ကျတော့ အဲဒီကြောင်က စားပွဲပေါ်မှာ လျပ်စစ်ပစ္စည်းတွေတပ်ဆင်ပြီးတော့ လှုပ်ရှားနေတာကို တွေ့တယ်။ သူက ခလုတ်ကို လှုပ်ရှားလိုက်ရင် ကြောင်ကလဲ ဆတ်ကနဲ ဆတ်ကနဲ မာတောင့်တောင့် လှုပ်ရှားနေတယ်။
"ဒီကြောင်ဘာဖြစ်တာလဲ" လို့ ကျွန်တော်ကမေးတော့ သူက ကျွန်တော့ကို ကြည့်ပြီးပြုံးတယ်။
"ပြီးခဲ့တဲ့ အပါတ်ကပဲ လက်ထောက်က ခွဲစိတ်လေ့လာဖို့ သူ့ကို သတ်လိုက်တယ်လေ" လို့ ပြန်ပြောတယ်။
သူကျောင်းပြီးသွားတဲ့အခါမှာတော့ သူဟာ အလုပ်နေရာအတွက် တောင်းဆိုစရာမလိုဘူး။ နောက်နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့ နာမည်ဂုဏ်သတင်းဟာ အလျင်အမြန်ဘဲ ကျော်ကြားလာခဲ့ပြီး ၀င်ငွေကောင်းတဲ့အလုပ်တွေက သူ့ကို လက်ယပ်ခေါ်နေခဲ့ရတယ်။ နှစ်ပေါင်းများစွာ သူဟာ ချီကာဂို တက္ကသိုလ်က ဇီဝဓာတုဋ္ဌာနမှာ ဋ္ဌာနမှုးလုပ်ခဲ့တယ်။ နောက်တော့ စစ်ဖြစ်ပြီးများမကြာမီမှာပဲ ဝေါလ်ဒို အက်စ် ဟန့်တ် ဆေးကုမ္မဏီမှာ ဒါရိုက်တာရာထူးကို လက်ခံရရှိခဲ့တယ်။စစ်ကြောင့် ဆေးများစွာရဲ့ ဈေးနှုန်းတွေ တက်လာတယ်။ ဒါကြောင့် ကုမ္မဏီက ဘော်လ်နီ့ကို တနှစ်ဒေါ်လာနှစ်သောင်းငါးထောင်ပေးပြီး အလုပ်ခန့်တယ်လေ။ သူ့ရဲ့ ထူးခြားတဲ့ တီထွင်မှုစွမ်းရည်နဲ့ ပိုကောင်းပြီး ဈေးသက်သာတဲ့ ဆေးတွေထုတ်ပြီး အမေရိကန်လူထုကို ဖြန့်ချီနိုင်ရင် သူ့ကိုပေးရတာ တန်တယ်လို့ ကုမ္မဏီက တွက်ခဲ့တယ်။ သူအခုလိုနောက်ခံအင်အားတောင့်သွားတော့ ဘာတွေတီထွင်အောင်မြင်နေမလဲ ဆိုတာတောင်မတွေးတတ်တော့ဘူး။
အခုတော့ သူ့မိန်းမက သူ အစာမစားဘူးလို့ ထင်နေတယ်။ သူနေမကောင်းနေတာလား ဒါမှမဟုတ် သူ့ ရွှေဥာဏ်တော်စူးရောက်တဲ့ တီထွင်မှုတွေက သူ့ကို အန္တရာယ်ဖြစ်စေသလား။ သူ့ ခေါင်းထဲမှာ ဘယ်လိုမျိုး စမ်းသပ်မှုတွေရှိနေတာလဲ။ကျွန်တော်သူ့အကြောင်းသိတယ်၊ သူတခုခု ထူးထူးဆန်းဆန်းလုပ်နေပြီထင်တယ်။ သူမ ကျွန်တော့်ကိုလာတွေ့ ပြီး တပါတ်လောက် အကြာမှာ ကျွန်တော် ဘော်နီ့ကို ချီကာဂိုဆေးပညာ အသင်း အစည်းအဝေးမှာတွေ့တယ်။ သူ့ကို ကြည့်ရတာတော့ အရင်အတိုင်းပဲ။ အတွေးတွေ ပြည့်ပြီး စိတ်နဲ့ ကိုယ်နဲ့ မကပ်တဲ့ပုံမျိုးလေ။ အစည်းအဝေးပြီးတော့ သူနဲ့ ကျွန်တော် ခန စကားပြောဖြစ်တယ်။
"ငါမင်းကို ဒီနေရာမှာ တွေ့ရတာ ၀မ်းသာတယ် သူငယ်ချင်းရေ" "ငါဒီအကြောင်းကို ဘယ်သူ့မှ ပြောပြဖို့မရည်ရွယ်ဘူး၊ ဒါပေမယ့် ငါက ငါ့တီထွင်မှုတွေကို မင်းကိုအမြဲ ပြောပြချင်တယ်၊ မင်းငါ့ဆီတရက်လောက်လာခဲ့စမ်းပါ၊ ငါ မင်းအံ့အားသင့်သွားစရာ တစ်ခုပြစရာရှိတယ်။ ငါလုပ်ခဲ့သမျှအရာအားလုံးထဲမှာ အံ့အားသင့်စရာ အကောင်းဆုံးပဲလို့ ငါထင်တယ်။ ဒါက သိပ္ပံပညာရှင်တွေသာမက လူအားလုံးအသက်ရှုဖို့ မေ့လောက်တဲ့ အထိအံ့အားသင့်စေလိမ့်မယ်။
အစည်းအဝေးပြီးသွားတဲ့အခါ ထုံးစံအတိုင်း ညစာစားပွဲကျင်းပတယ်။ ဒါပေမယ့် ဘော်နီက သူ့မှာ အရေးတကြီးလုပ်စရာရှိသေးတယ်လို့ အကြောင်းပြပြီး ညစာစားပွဲ မတက်ခဲ့ဘူး။ နောက်ရက်အနည်းငယ်ကြာတဲ့ အခါ ကျွန်တော်သူ့ကို လမ်းမှာ တွေ့တယ်။ ကျွန်တော်သူ့လက်မောင်းကို ဖမ်းဆွဲပြီး ပြောလိုက်တယ်။
" ဟေ့ ဘော်လ်နီ၊ မင်းကိုဒီနားမှာတွေ့ခဲတယ် ။လာ၊ မင်းနဲ့ငါ စနာဘယ်လ်ဆိုင်မှာ တခုခု သွားစားကြမယ်။ မင်းနဲ့ ငါနဲ့ စကားမပြောဖြစ်တာ နှစ်တရာလောက်ရှိတော့မယ်၊”
“အား၊ ငါအခုစားဖို့ အိပ်မက်တောင်မမက်နိုင်သေးဘူး၊ လေထဲပျံတက်သွားတာမှ ငါ့အဖို့လွယ်ဦးမယ်၊ မင်းငါ့စမ်းသပ်ခန်းကိုလာခဲ့ပါကွာ၊ အဲဒါအကောင်းဆုံးပါပဲ။ မင်းငါ့စမ်းသပ်ချက်ကိုတွေ့ပြီးရင် မင်းနားလည်လိမ့်မယ်။ ပြီးတော့ ငါတို့စကားပြောကြတာပေါ့။ ” လို့ ဘော်လ်နီကပြောတယ်။
ကျွန်တော်ပြောခဲ့သလိုပါပဲ။ သူ ဘာအသစ်အဆန်းတွေထွင်နေလဲဆိုတာ ကျွန်တော်အရမ်းစိတ်ဝင်စားပေမယ့် အကြောင်းကိစ္စအမျိုးမျိုးပေါ်လာလို့ သူ့ရဲ့ စမ်းသပ်ခန်းဆီမသွားဖြစ်ခဲ့ပါဘူး။သူ့မိန်းမကိုကတိပေးထားတဲ့အတိုင်း သူနဲ့ခဏခဏ တွေ့တိုင်းတော့ အကဲခတ်ဖြစ်ပါတယ်။ တနင်္ဂနွေ နေ့လည်မှာ ကျွန်တော်တို့ အုပ်စု ၀ှိုက်စီးတီးကို အပန်းဖြေခရီးသွားကြတော့လဲ သူ့ပုံစံက အရင်လို မထုံတက်တေးနဲ့ပါဘဲ။ ကျွန်တော်တို့နဲ့ တခါတခါလာစကားပြောပြီး အများအားဖြင့် သူ့ဟာသူနေတာများတယ်။ ကျွန်တော်တို့ အရိပ်ကောင်းတဲ့နေရာမှာစားသောက်ကြတဲ့အခါကျတော့ သူဟာ သူ့ အစားအစာတွေကို တို့ကနန်းဆိတ်ကနန်းလုပ်နေတယ်။ ပြီးတော့ သူစားတာကို အာရုံမရောက်အောင် စကားတွေပြောနေတယ်။
တပါတ်လောက်ကြာတော့ သူ ကျွန်တော့ ရုံးခန်းကို ပေါက်ချလာတယ်။
ငါမင်းဆီလာမလို့ပဲကွာ လို့ ကျွန်တော်ကပြောလိုက်တယ်။
အဲဒါထားလိုက်ပါကွာ လို့ သူက အမြန်ပြောလိုက်တယ်။ ငါ့မှာ ကိစ္စတခုရှိတယ်။ ငါတို့မင်းကို လိုအပ်နေတယ်။ မင်းရဲ့ တိရိစ္ဆာန်တွေကို စမ်းသပ်တဲ့အရည်အချင်းကိုလိုအပ်နေလို့။ ငါမင်းကို ထောက်ခံချက်ပေးထားတယ်။ မင်းက စံသတ်မှတ်ပြီး လုပ်နိုင်တယ်” သူက စကားကို တောက်လျှောက်ပြောနေတာ ပြန်ပြောဖို့ကို အခွင့်အရေးမရဘူး။ “ဘီဒီလဲလာလိမ့်မယ်၊ အဲဒီမှာ ငါတို့သုံးယောက်အတွက်အလုပ်ရှိတယ်၊ အပ်ပီကပ်ပင်(အံဆေးပင်) မျိုးသစ်တစ်မျိုးတွေ့ထားတယ်။ အရမ်းကောင်းတယ်။ ငါတို့ အဲဒါကိုသွားပြီးစုံစမ်းမယ်။ ငါတို့ မက္ကဆီကိုပင်လယ်ကွေ့ကို စူးစမ်းလေ့လာရေးခရီးထွက်ကြမယ်။”
ကောင်းပြီ၊ သွားကြမယ်လေ၊ ငါအလုပ်များလို့မလိုက်နိုင်ဘူးလို့ ငြင်းလို့လဲရမယ့်ပုံမပေါ်ပါဘူး” လို့ ကျွန်တော်ပြန်ပြောလိုက်တယ်။ ဒါနဲ့ ဘာအတွက် ဒီလောက်အလျှင်လိုနေတာလဲ။ သောကြာနေ့သွားမလား၊ ငါမင်းစမ်းသပ်ချက်တွေကို မကြည့်ရသေးဘူးလေ၊ လို့ လဲမေးလိုက်တယ်။
“ငါသိတယ်၊ ဒါပေမယ့်အချိန်မရဘူး။ အခုကိစ္စက အရေးကြီးတယ်။ စိတ်ဝင်စားဖို့လဲကောင်းတယ်။ ပြီးမှကြည့်ကွာ” လို့ပြန်ပြောတယ်။
ဝေါလ်ဒို အက်စ် ဟန့်တ် ဆေးကုမ္မဏီ ဟာ မီးသင်္ဘောငယ်လေးကို ပစ္စည်းကိရိယာအပြည့်တပ်ပေးတယ်။ အဲဒီကိုကျွန်တော်နဲ့ဘော်လ်နီရောက်ပြီးသိပ်မကြာဘူး ရုက္ခဗေဒပညာရှင်ဘီဒီရောက်လာတယ်။ သူကဒီစူးစမ်းလေ့လာရေးခရီးမှာ အဓိကပေါ့။ သူက ဒီအံ့သြစရာ ဆေးပင်က ၀မ်းကိုက်ရောဂါကို ကုသနိုင်ပြီး အံစေတယ် ဆိုတာကို ရီပို့လုပ်ခဲ့တာလေ။ မက္ကဆီကိုပင်လယ်ကွေ့က တချို့ကျွန်းတွေမှာ အဲဒီအပင်တွေ အများကြီးပေါက်တယ် လို့ သူအခိုင်အမာယုံကြည်တယ် ။ သူ အပင်တချို့ကို သယ်လာခဲ့တယ်။ အဲဒီအပင်တွေကနေပြီး ဘောလ်နီက အီမီတင် နဲ့ ဆက်ဖလင်(အံဆေး) နဲ့တူတဲ့ ဆေးတွေကို ထုတ်နိုင်ခဲ့တယ်။ အဲဒါတွေက လုံးဝထပ်တူဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒါကအရမ်းအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကြီးစဖြစ်ကတည်းက မူရင်း အပ်ပီကပ် နဲ့ သူကထုတ်တဲ့ အီမီတင် တို့ဟာ အဆ ၃၀၀ လောက်ဈေးတက်သွားတယ်၊ ၀ယ်ဖို့တောင်မလွယ်အောင်လဲဈေးကွက်ထဲမှာရှားနေတယ်။ အခုဒီအပင်က ထွက်တဲ့ဆေးဟာ နောက်ထပ်အရင်းအမြစ်တခုဖြစ်နိုင်တယ်။ အဲဒါဆိုရင် ဆေးကို အသုံးပြုဖို့ လိုသလောက် များများစားစားကို ဈေးသက်သက်သာသာနဲ့ထုတ်နိုင်မယ်။
မရည်ရွယ်ပဲနဲ့ ကျွန်တော်နောက်တခုသိခဲ့ရသေးတယ်။ ကုမ္မဏီတချို့က ဘော်လ်နီကို ဂလစ်ဆရင်းထုတ်လုပ်တဲ့နေရာမှာ ဈေးသက်သာအောင်လုပ်ပေးဖို့ ပိုက်ဆံပုံပေးပြီးကမ်းလှမ်းခဲ့တယ်။ ဂလစ်ဆရင်းများများထုတ်တာဟာ ဖောက်ခွဲရေးပစ္စည်းတွေအတွက်ပဲ။ ငါဒီလူသတ်ပွဲတွေကိုငြီးငွေ့တယ်”လို့ ပြောပြီး ငြင်းဆိုခဲ့တယ်။ အခုကျွန်တော်တို့ခရီးမှာ အဆင်ပြေတာတခုက သင်္ဘောပေါ်မှာ အပင်တွေကို အရည်အသွေးစမ်းသပ်ဖို့၊ စံသတ်မှတ်ဖို့ နဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို စမ်းသပ်ဖို့ ဓါတ်ခွဲခန်းကိရိယာအစုံအလင်ပါလာတာပဲ။ တကယ်လို့ ဒီအပင်တွေဟာ တကယ်အသုံးဝင်တယ်ဆိုတာသက်သေပြနိုင်ရင် ကျွန်တော်တို့ အပြန်မှာ ထုတ်လုပ်ဖို့ အများကြီးတခါတည်းသယ်လာနိုင်တယ်။
မက္ကဆီကိုပင်လယ်ကွေ့က ထောင်ပေါင်းများစွာသောကျွန်းတွေကြားမှာ ဘီဒီရဲ့ အပင်ကို ဘယ်လိုရှာခဲ့ရတယ်ဆိုတာပြန်ပြောရရင် တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမယ့် ဒီဇတ်လမ်းမှာသိပ်မဆိုင်လို့ မပြောတော့ဘူး။ နောက်ဆုံးကျွန်တော်တို့ ကျွန်းတချို့မှာ ဒီအပင်တွေအများကြီးရှိတာကို တွေ့ခဲ့တယ်။ ကျွန်တော်တို့ဟာ အဲဒီအပင်ရှိတဲ့ကျွန်းတကျွန်းနားမှာ ရပ်ဖို့ ဆုံးဖြတ်ကြတယ်။ ရေချိုရှိတဲ့ကျွန်းလေးတကျွန်းပါပဲ။ ရေချိုတွေက ကျွန်းပေါ်က တောင်ခြေကနေ စမ်းပေါက်ထွက်နေတယ်။ အဲဒီမှာဆိပ်ကမ်းမရှိဘူး။ လှိုင်းပုတ်နေတဲ့သင်္ဘောပေါ်မှာ ဓါတ်ခွဲစမ်းသပ်မှုလုပ်ဖို့ကလဲ မဖြစ်နိုင်ဘူး။ ဒါနဲ့ ကျွန်တော်တို့က ကမ်းခြေမှာ တဲလေးတွေနဲ့ အလုပ်လုပ်ဖို့ အခြေစိုက်ခဲ့တယ်။ တော်တော်လေး ခက်ခက်ခဲခဲလုပ်ခဲ့ရတယ်။တောင်ကုန်းလေးတခုပေါ်မှာ ဓါတ်ခွဲခန်းတဲလေးကို ဆောက်ကြတယ်။ ရေရှိတဲ့နေရာနဲ့ မိုင်တစိတ်လောက်အဝေးမှာပေါ့။ စမ်းချောင်းလေးနားမှာ ထန်းပင်လေးသုံးပင်ပေါက်နေတယ်။ အဲဒီကနေပြီး တောင်ကြောကမြင့်တက်သွားတယ်။ တောင်ကြောလေးပေါ်ကဆိုရင် ကမ်းခြေကနေ ဆယ်မိုင်လောက်အထိမြင်နိုင်တယ်။ အဲဒီကျွန်းပေါ်မှာ သစ်ပင်တချို့လဲရှိတယ်။ ဒါပေမယ့် စုပေါင်းပြောမယ်ဆိုရင် ငြီးငွေ့စရာကောင်းတဲ့ အထီးကျန်ကျွန်းတခုပဲ။ နေရာတိုင်းမှာတော့ ဘီဒီရဲ့ အပင်တွေက ဖုံးလွမ်းနေတယ်။ အဲဒီ နီစိမ်းစိမ်း အဖူးနဲ့ အကိုင်းတွေရှိတဲ့ အပင်ကို ဘီဒီက ရုက္ခဗေဒအခေါ် “အပ်ပီကာကူအမ်ဟူးဝါး မာတီရယ်လစ်” လို့ အမည်ပေးတယ်။
“အားလုံးအဆင်ပြေတယ်” ဘီဒီကပြောတယ်၊ ကြည့်အခု ငါတို့ဒီရောက်ပြီး ၂ရက် ညနေပိုင်းပဲရှိသေးတယ်။ ဘောလ်နီက အပ်ပီကပ် ကိုပြုတ်နေပြီ။ ဒါပေမဲ့ ဒီ သင်္ဘောကပ္ပတိန် က ဘာဖြစ်လို့ သင်္ဘောစတိုက ပစ္စည်းအားလုံးကို ကမ်းခြေမှာစုပုံထားခိုင်းရတာလဲ။
“သူက သင်္ဘောစတိုနဲ့ သင်္ဘောငြိမ်ဖို့ထိန်းတဲ့ ပစ္စည်းတွေပြန်စီစဉ်ရမယ်လို့ ပြောနေတာ ကြားတယ်” လို့ ကျွန်တော်ရှင်းပြလိုက်တယ်။ သူငါ့ကိုပြောတော့ပြောတယ်။ ဒါပေမယ့် ငါက အဲဒီကိစ္စမျိုးကို နားမလည်ဘူးလေ။ ငါ့အတွက်တော့ ဒီကောင့်ကိုကြည့်ရတာ ကြောင်တိကြောင်တောင်နဲ့။
နောက်နေ့မနက်မှာ သင်္ဘောသားတယောက်က ကျွန်တော်တို့တဲလေးဆီ အပြေးအလွှားလာနေတာတွေ့လိုက်ရတယ်။
ကမ်းစပ်မှာထားတဲ့စတိုထဲကပစ္စည်းတွေအားလုံး ဒီရေနဲ့ မျောပါသွားပြီ။ အခုတော့ စာကလေးတကောင်အတွက်တောင် အစာမကျန်တော့ဘူး လို့ အော်ဟစ်ပြောလာတယ်။
“ဘာပြောတယ်” ဘီဒီနဲ့ ကျွန်တော်တို့ တပြိုင်တည်း ထအော်လိုက်တယ်။ ဘောလ်နီက ခနတော့ ကြည့်နေသေးတယ်။ နောက်တော့ သူ့ရဲ့ ဖန်ပြွန်ကိရိယာတွေဆီပြန်လှည့်သွားတယ်။ ဒီကိစ္စကို ကျွန်တော်တို့အပေါ်ယုံယုံကြည်ကြည်လွှဲထားတဲ့သဘောပဲ။ ကျွန်တော်တို့ ကမ်းခြေကိုပြေးသွားကြတယ်။ သတ္ထုပစ္စည်းတချို့ပဲကျန်ရစ်တော့တယ်။ သင်္ဘောပေါ်မှာတော့ သင်္ဘောငြိမ်အောင်ထိန်းတဲ့ ကျောက်တုံးတွေကလွဲလို့ ဘာမှမကျန်တော့ဘူး။ လူတွေဟာ တုန်လှုပ်ခြောက်ချားပြီး စိတ်ပူနေကြတယ်။
“ကပ္ပတိန်က ဘာပြောသေးလဲ” ကျွန်တော်ကသင်္ဘောသားကိုမေးလိုက်တယ်။
“သူတွက်တာမှားသွားတယ်လို့ပြောတယ်” သူပြန်ဖြေတယ်။ နောက်ထပ်လဲ ရေရွတ်နေသေးတယ်။ ဘာပြောလဲ ကျွန်တော်နားမလည်နိုင်ဘူး။
ကျွန်တော်ဒီအဖြစ်အပျက်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဒါပေမယ့် လူဆယ်ယောက်အတွက် တနေ့စာတောင် အစားအစာမရှိတာ ဘာဖြစ်တယ်လို့စဉ်းစားဖို့ အချိန်မရှိဘူး။ ကျွန်တော်တို့အားလုံးဟာ မဖြစ်မနေ သင်္ဘောပေါ်တက်ပြီး တမ်ပါကိုဦးတည်လို့ အမြန်ခုတ်မောင်းခဲ့ရတယ်။ ဒါပေမယ့် ဘောလ်နီမပါခဲ့ဘူး။ တဲလေးထဲမှာ စမ်းသပ်မှုတွေ လုပ်လက်စဖြစ်နေတော့ ဒီတိုင်းပစ်ထားခဲ့လို့မဖြစ်ဘူးလေ။ သူ့ကို ဘယ်သူမှမနေခိုင်းခဲ့ပါဘူး။ သူကိုယ်တိုင် ကျန်နေရစ်ခဲ့ဖို့ တောင်းဆိုခဲ့တာ။ ကျွန်တော်တို့က သူ့အတွက် ပေါင်မုန့်လုံးတွေနဲ့ အမဲသားစည်သွတ်ဗူးတွေထားပေးခဲ့ပြီး အမြန်ထွက်ခွာခဲ့ကြတယ်။ သူကတော့ ပေါင်းခံဖန်ပြွန်ထဲမှာ အမြုပ်ထနေတဲ့ အညိုရောင်အရည်တွေကို ကြည့်ပြီးကျန်ရစ်ခဲ့တယ်။
အဲဒီညမှာ ကျွန်တော်နဲ့ ဘီဒီဟာ အပူပိုင်းဒေသလရောင်အောက်မှာ သင်္ဘောလက်ရန်းကိုမှီပြီး မဆုံးနိုင်တဲ့ နေ့ကို ကျော်လွန်နိုင်တဲ့အတွက် သက်ပြင်းချမိကြတယ်။
“ဒီလူရူးနေလားမသိဘူး။” ဘီဒီကပြောတယ်။ ကျွန်တော်တို့ သင်္ဘောကပ္ပတိန် အကြောင်းပြောနေကြတာ။ “ငါသူ့ကို ကြည့်နေတာ။ သူ့အပြုအမူတွေက ထူးဆန်းနေတယ်”
ကျွန်တော်တို့က သင်္ဘောအခန်းထဲက ရီသံကြီးကြားလိုက်ရတယ်။ အဲဒီမှာ သင်္ဘောကပ္ပတိန်တယောက်ထဲထိုင်နေတယ်။ ဘီဒီပြောတာကို သူက ထပ်ပြောတယ်။
အား မင်းတို့ပြောတာ ငါကြားတယ်။ ကပ္ပတိန်ကအော်ပြောလိုက်တယ်။ သူ့ရဲ့ မုတ်ဆိတ်မွေးထူလပြစ်မျက်နှာပေါ်မှာ မသတီစရာအပြုံးနဲ့ အခန်းတံခါးဝမှာ ပေါ်လာတယ်။ “ဟုတ်တယ်။ ငါရူးနေပြီ။ သူက ငါ့ကိုရူးအောင်လုပ်တယ်။ အခုငါလက်စားချေပြီးပြီ” သူရီလိုက်တာ ကျွန်တော်တို့ ကျောစိမ့်သွားတယ်။ သူရှိနေတဲ့ကျွန်းကို ဒီသင်္ဘောပေါ်က တစ်ယောက်မှ အိုကွာ တကမ္ဘာလုံးဘယ်သူမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ သူငတ်မွတ်ပြီး သေဖို့ ဆုတောင်းရတော့မယ်။ ဟိုးဟိုးဟိုး....... ကျွန်းရှိတဲ့နေရာကို သိတာ ငါတစ်ယောက်ထဲရှိတယ်။ ဒါပေမယ့် ငါက အခုရူးနေပြီ။ ဟားဟား။ ငါ သင်္ဘော ခရီးမှတ်တမ်းစာအုပ်ကို ရေထဲ လွှင့်ပစ်လိုက်ပြီ။ အခုငါလဲရေထဲလိုက်သွားတော့မယ်”
နောက်ဆုံးစကားက ကျွန်တော်တို့ကို သတိပေးလိုက်တယ်။ သူသင်္ဘောလက်ရမ်းပေါ်ကနေခုန်ချမယ်လုပ်ချိန်မှာ ကျွန်တော်တို့သူ့ကို မိလိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်သူ့ကို ကုန်းပတ်ပေါ်ထမ်းချလိုက်တယ်။ သူက အော်ဟစ်ပြီး မိစ္ဆာတကောင်လို တိုက်ခိုက်တယ်။ ဒါပေမယ့် သင်္ဘောသားတွေသတိထားမိပြီး မကြာခင်သူ့ခြေလက်တွေကို ကြိုးတုပ်လိုက်နိုင်တယ်။
မင်းကျွန်းကို ပြန်ရှာနိုင်မလား” ကျွန်တော်မာလိန်မှုးကို မေးလိုက်တယ်။
သူ ကျွန်တော့်ကို ခနငေးကြည့်နေပြီး နောက် သင်္ဘောကိုပြန်လှည့်ဖို့ အမိန့်ပေးလိုက်တယ်။
ဒီကျွန်းကို ပြန်ရှာတွေ့ဖို့ ဘယ်လောက်အသည်းအသန်ကြိုးစားခဲ့တယ်ဆိုတာ ကျွန်တော်ဘယ်လိုဖော်ပြရမှန်းတောင်မသိဘူး။ အဲဒါက အဆုံးမဲ့တဲ့ အိပ်မက်ဆိုး ရက်သတ္တပါတ် ၄ပါတ်ပဲ။ မာလိန်မှုးက ကျွန်းကိုပြန်ရှာမတွေ့ခဲ့ဘူး။ ကျွန်တော်တို့ အစာရေစာ ပြတ်လပ်ပြီး တမ်ပါမြို့ ကိုပြန်တဲ့အထိ အဲဒီကျွန်းနဲ့ ဆင်တဲ့ ကျွန်းပေါင်း ဒါဇင်နဲ့ချီပြီးရှာဖွေခဲ့တယ်။ အဲဒီငတ်မွတ်နေတဲ့ရက်တွေမှာ သင်္ဘောခန်းထဲမှာ ချည်နှောင်ထားတဲ့ အရူးတယောက်လို ကပေါက်တိကပေါက်ခြာ ပြောနေတဲ့ ကပ္ပတိန်ကို ကျွန်တော်ဘယ်နှစ်ကြိမ် လည်ပင်းညှစ်မိသလဲမသိဘူး။
“ငါသိပြီ” ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်ပြီးဘီဒီကပြောလိုက်တယ်။ “မင်း ၀င်းစလိုး ကိုမသိဘူးလား” ဒီမျက်လုံးတွေကို ရင်းရင်းနှီးနှီးသိပါတယ်” လို့ပြောတယ်။ ကျွန်တော်တို့ သင်္ဘောခန်းထဲဝင်ပြီး ချုပ်ထားတဲ့ ကပ္ပတိန်ကို လေ့လာကြည့်တယ်။ “သံသယရှိစရာမလိုတော့ပါဘူး။ သူက ဘောလ်နီ့ကို လက်စားချေမယ်လို့ ကျိန်ဆိုခဲ့တယ်။ အခု ကြည့်ရတာ သူအောင်မြင်သွားပုံရနေပြီ။” ကျွန်တော်ဒီကောင့်နံရိုးတွေကို ရက်ရက်စက်စက်ကန်မပစ်မိအောင် ခက်ခက်ခဲခဲ ထိန်းချုပ်ထားခဲ့ရတယ်။ ၀င်းစလိုး ကော်ပိုရေးရှင်းက သင်္ဘောကို ဈေးသက်သက်သာသာနဲ့ ငှားတာတွေ၊ အစားအသောက်တွေပျက်စီးသွားခဲ့ရတာတွေ စတဲ့ ဖြစ်ရပ်အားလုံးကို အခုမှ ကျွန်တော်ဆက်စပ်မိသွားတယ်။
ကျွန်တော်တို့ဆိုးဆိုးဝါးဝါးအစာရေစာပြတ်လပ်တဲ့အခါမှာတော့ လက်လျော့ပြီး တမ်ပါမြို့ကိုပြန်ခဲ့တယ်။ ရောက်ရောက်ချင်းပဲ အဖြစ်အပျက်ကို ကြေးနန်းရိုက်လိုက်တယ်။ အချိန်တိုအတွင်းမှာပဲ ဒီသတင်းကြောင့် တိုင်းပြည်တခုလုံးအုတ်အုတ်ကျွက်ကျွက်ဖြစ်သွားတယ်။ မက္ကဆီကိုပင်လယ်ကွေ့မှာရှိသမျှသင်္ဘောတွေဟာ ဘောလ်နီရှိတဲ့ကျွန်းကို ဆက်လက်ရှာဖွေကြတယ်။ အနောက်အင်ဒီးစ် ရဲ့ ထောင်ပေါင်းများစွာသောကျွန်းစုတွေထဲမှာ ရှည်ကြာပြီး မျှော်လင့်ချက်မဲ့တဲ့ ရှာဖွေရေးခရီးတွေ၊ ဝေါလ်ဒိုအက်စ်ဟန့်တ်ကုမ္မဏီက ရှာဖွေရေးအတွက်သုံးရတဲ့ပိုက်ဆံတွေ၊ ဗျာများပြီး စိတ်ဖိစီးနေတဲ့ ဘောလ်နီရဲ့ ဇနီးချောအကြောင်း၊ ဘောလ်နီတစ်ယောက် ဘာမှမရှိတဲ့ကျွန်းမှာ အသက်ရှင်ဖို့ နည်းလမ်းရှာတွေ့စေဖို့ ကျွန်တော်တို့ရဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ၊ အမေရိကန်တပြည်လုံးက ၀င်းစလိုးကော်ပိုရေးရှင်းဥက္ကဋ္ဌရဲ့သားကို မခံမရပ်နိုင်ဒေါသဖြစ်နေကြတာတွေ၊ ကန်းဆတ်တက္ကသိုလ်ကစိတ်ရောဂါပညာရှင်ဒက်ခ်ဆက်က စိတ်မနှံ့တဲ့ လူရဲ့ ဦးဏှောက်ထဲက ဘောလ်နီရှိတဲ့ကျွန်းတည်ရှိရာကို ဖော်ထုတ်ပြီး ဝေါလ်ဒိုအက်စ်ဟန့်တ်ကုမ္မဏီက ပေးတဲ့ဆုငွေကို ရတာတွေ စတဲ့အကြောင်းအရာတွေဟာ စာအုပ်တအုပ်ဖြစ်လောက်တယ်။
စိတ်ရောဂါပညာရှင်ဒက်ခ်ဆက်ဟာ ၀င်းစလိုးရဲ့ ရူးသွပ်နေတဲ့ ဦးဏှောက်ကို စိတ်ညှို့ ပြီး ဘယ်လိုအလုပ်လုပ်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့ ရီပို့ အပြည့်အစုံကို အခြားတနေရာမှာဖေါ်ပြခဲ့တယ်။ ၀င်းစလိုးရဲ့စိတ်ထဲမှာ ကျွန်တော်တို့ရဲ့ ဘောလ်နီနဲ့ စွန့်စားခန်းခရီးကို တဆင့်ပြီးတဆင့် ပြက်ပြက်ထင်ထင်မြင်လာအောင်လုပ်ဆောင်ခဲ့တယ်။ ကျွန်းဆီကိုရောက်လာအောင်အထိပေါ့။ အဲဒီအခြေအနေထိသူ့စိတ်ထဲမြင်ယောင်စေပြီးတဲ့အခါ သဲခင်းကြမ်းပြင်၊ ဆေးခြယ်ထားတဲ့ကောင်းကင်နဲ့ပင်လယ် ရှိတဲ့အခန်းထဲမှာ ထားပြီး သူ့ကိုယ်သူကျွန်းပေါ်မှာ တစ်ယောက်ထဲ အစာရေစာမရှိကျန်ရစ်ခဲ့သလိုများ ထင်ယောင်ထင်မှားဖြစ်စေခဲ့တယ်။ နောက်ဆုံး သူအစာရေစာငတ်ပြတ်ပြီး သေလုနီးပါးဖြစ်တယ်လို့ခံစားရတဲ့အချိန်မှာ ဒက်ခ်ဆက် က စိတ်ညှို့ပြီး သူ့အတွက်အကူအညီရစေဖို့ ကျွန်းရဲ့တည်နေရာကို သူ့မှတ်စုစာအုပ်ထဲမှာရေး၊ ပြီး ပုလင်းထဲထည့်ပြီး ပင်လယ်ထဲပစ်စေဖို့ လုပ်ခိုင်းခဲ့တယ်။ ဒါတွေအားလုံး ဒက်ခ်ဆက်ရဲ့ စမ်းသပ်ခန်းထဲမှာလုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ဟာ သင်္ဘောပေါ်ကို အသင့်တက်ပြီး ကျွန်းတည်နေရာပြ လတ္တီကျု၊ လောင်ဂျီကျူတွေ ကို ပို့မယ့် ဒက်ခ်ဆက်ဆီက ကြေးနန်းကိုစောင့်နေခဲ့တယ်။
ကျွန်းဆီကိုချဉ်းကပ်လာတဲ့အခါ ကျွန်တော်တို့အားလုံးရင်တွေခုန်နေခဲ့တယ်။ ကျွန်တော်တို့ဟာ ပျက်စီးနေတဲ့ တဲ နဲ့ သောင်ပြင်မှာ ပြန့်ကျဲနေတဲ့ ဘောလ်နီရဲ့ အရိုးဖြူဖြူတွေကို တွေ့ဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် သဲသောင်ဖြူဖြူနောက်ခံမှာ ရွက်ထည်တဲဝါ၀ါတွေက သူ့ဆိုင်းကြိုးတွေတောင့်တောင့်တင်းတင်းနဲ့ ရှိနေပြီး ရွက်ထည်တခုဆီက မီးခိုးတွေထွက်နေတာကိုမြင်ရတဲ့အခါ ကျွန်တော်တို့ အံ့သြမှုတွေက ခုန်ထွက်လာခဲ့တယ်။ ကျွန်တော်တို့ ကမ်းခြေကို အလောတကြီးကပ်လာခဲ့ကြတယ်။
ကျွန်တော်တို့ဟာ ဘောလ်နီကို သူ့လက်ကို သူ့အိတ်ထဲထည့်ပြီး ကုန်ထုပ်သေတ္တာပေါ်မှာထိုင်ရင်း အမြုပ်ထနေတဲ့ပေါင်းခံဖန်ပြွန်ကို ကြည့်နေတာကို တွေ့ရတယ်။ ကျွန်တော်တို့ဟာ တံခါးဝမှာ အံ့သြလွန်းလို့ စကားမပြောနိုင်ဘဲ ရပ်နေခဲ့ကြတယ်။ သူ့ရဲ့ ရှည်ကိုင်းကိုင်းပုံသဏ္ဍာန်ဟာ အရမ်း ကျန်းမာရေး ကောင်းနေပုံပဲ။ သူ့ပါးတွေဟာ ပြည့်နေပြီး သူ့မျက်လုံးတွေလဲ တောက်ပနေတယ်။ သူက လေချွန်ပြီး သူ့ဖနောင့်နဲ့ သေတ္တာကို ခေါက်ပြီး စည်းချက်လိုက်နေတယ်။
“ဘောလ်နီ” နောက်ဆုံးမှာ ကျွန်တော်ဟာ အသံပြုနိုင်လိုက်တယ်။
“ငါတို့ရပြီ” ဘာမှမဖြစ်ခဲ့သလိုသူအော်ပြောလိုက်တယ်။ ငါအခု အီမီတင် တွေအများကြီးကို ဒြပ်ခွဲထုတ်လုပ်ပြီးပြီ။ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ကလဲ ငွေကုန်ကြေးကျမများဘူး။
ကျွန်တော်တို့ရဲ့ အံ့အားသင့်တာတွေကနေ ပြန်အသက်ဝင်လာတဲ့အခါ ကျွန်တော်တို့ ၀မ်းသာအားရ သူ့ကို ၀ိုင်းပြီး သူ့လက်မောင်းတွေကို ဆုပ်ကိုင် သူ့ကို ဖက်ရမ်းနှုတ်ဆက်ကြတယ်။
“ငတ်ပြီးသေမယ်” သူ ကျွန်တော်တို့မေးတာကို ထပ်ပြောတယ်၊ “အား ငါဘာစားပါလိမ့်.. ကောင်းပြီ...ငါ..ဒါက.. ငါဘာမှတောင်မှ.. တကယ်တော့....ငါဆိုလိုတာ...ကောင်းပြီ... ငါမေ့”သူရပ်လိုက်တယ်၊ လုံးဝရှုပ်ထွေးသွားတဲ့ပုံစံနဲ့ ။ ဒီနောက်မှာတော့ ကျွန်တော်တို့ဟာ လုံးဝမတို့ထားတဲ့ ကျွန်တော်တို့ချန်ထားတဲ့ အစားအသောက်အနည်းငယ်ကိုတွေ့လိုက်ရပြီး အံ့သြလွန်းလို့ ငေးမောနေမိတယ်။
“ကဲပါ။ ဒီလောက်ကြောက်မသွားပါနဲ့။ ” ဘောလ်နီက အပြုံးနဲ့ ပြောလိုက်တယ်။ “မင်းတို့ ငါ့ဆီပြန်လာဖို့ ဘာလို့ ဒီလောက်ကြာနေတာလဲဆိုတာ ငါမသိပေမယ့် မင်းတို့ကို ကြည့်ရတာ အရမ်းပင်ပန်းပြီး စိတ်ပူနေပုံပဲ” သူကျွန်တော့်ဘက်လှည့်လိုက်တယ်။
“ မင်းက ငါ့စမ်းသပ်ချက်ကို လာကြည့်ဖို့ ငါဖိတ်ကြားတုန်းက လာခဲ့ရင် မင်းနားလည်လိမ့်မယ်”
“မင်းပြောတာကို ငါဆက်စပ်ကြည့်လို့မရဘူး” ကျွန်တော်ပြန်ပြောလိုက်တော့ သူရီတယ်။
“ငါတို့ကျောင်းသားဘ၀က အတူတူငတ်ခဲ့ကြတာမှတ်မိသေးလား၊ ငါဟာ ဆာလောင်မှုကို ကျိန်ဆဲပြီးတော့ အဲဒါကို ဖယ်ရှားပစ်ဖို့ ကျိန်ဆိုခဲတာလေ”
“မင်းဆိုလိုတာက .... မင်းအောင်မြင်သွားပြီ.... မင်းအတွက်အစာမလိုအပ်တော့ဘူးပေါ့”
“အင်း၊ အဲဒီလိုမျိုးပါပဲ၊ ဟုတ်တယ်၊ ကိုယ်ခန္ဓာ လှုပ်ရှားဖို့ စွမ်းအင်နဲ့ တည်ဆောက်ဖို့ အချို့အရာတွေတော့လိုသေးတာပေါ့။ အဲဒါကို အပင်တွေဘယ်လိုရသလဲ မင်းသိပါတယ်။ နေရောင်ခြည်နဲ့ရေကို သုံးပြီးတော့လေ၊ သူတို့ အစာစားဖို့မလိုဘူး။ ဆိုတာက အစာတုံးကြီးကို ပါးစပ်ထဲထည့်ဖို့ မလိုဘူးပေါ့။”
“နေရောင်ခြည်နဲ့” မှင်တက်မိစွာနဲ့ ကျွန်တော်ပြောလိုက်တယ်။ ဒါပေမယ့် မင်းတခုခုတော့လိုဦးမှာပေါ့၊ အဲဒါတွေမင်းဘယ်ကရသလဲ။
“အရမ်းရှင်းပါတယ်။ ငါတို့ အစားအစာတွေမှာ ဒြပ်စင်နည်းနည်းပဲပါတယ်။ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင် နဲ့ တခြားဒြပ်စင် နဲနဲပဲလိုတယ်။ ဒါတွေကို ငါတို့ပတ်ဝန်းကျင် ရေထဲမှာ လေထဲမှာ အများကြီးတွေ့ရတယ်။ များလွန်းလို့ တကမ္ဘာလုံးကလူတွေဘယ်တော့မှ သုံးလို့ ကုန်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်က ငါဒြပ်ပေါင်းတမျိုးကို ဖန်တီးပြီး ကိုယ်ခန္ဓာထဲက ဟီမိုဂလိုဗင်နဲ့ ပေါင်းစပ်အောင်လုပ်နိုင်ခဲ့တယ်။ အဲဒီဒြပ်ပေါင်းက အပင်က ကလိုရိုဖီးလ် လိုပဲ အလုပ်လုပ်တယ်။ လေနဲ့ရေထဲက လိုအပ်တဲ့ ဒြပ်စင်တွေကို စုပ်ယူပြီးတော့ အစာလို လိုအပ်တဲ့ မော်လီကျူးတွေအဖြစ် ပေါင်းစပ်ပေးတယ်။ နေရောင်ခြည်က သူတို့ အလုပ်လုပ်တဲ့နေရာမှာ လိုအပ်တဲ့ စွမ်းအင်ကို ထောက်ပံ့ပေးတယ်။ အပင်တွေမှာ လုပ်သလိုပဲပေါ့ကွာ”
“ဒါဆို တခြားနည်းနဲ့ ပြောရရင် မင်းက အပင်....”
“ဟုတ်တယ်။ ဟိုလိုဖိုက် ပေါ့။ ငါက နေရောင်ခြည်ရဖို့လိုတယ်။ ဒါမှမဟုတ်ရင် အပင်လိုပဲ ငါက ညှိုးရော်သွားလိမ့်မယ်။ ဒါပေမယ့် ကြီးမြင့်လာတဲ့ စားစရိတ်တွေကတော့ ငါနဲ့ မဆိုင်တော့ဘူးပေါ့။ ငါအစာမစားတာ ကြာလှပြီဆိုတော့ ငါ့ရဲ့ မူလ အစာခြေအဖွဲ့အစည်းက အရမ်းအားနည်းနေပြီ။ အခု ငါက ငါ့ရဲ့ စနစ်သစ်ပေါ်လုံးဝမှီခိုနေရတယ်။ မင်းအခုတွေ့ပါတယ်။ ဒီရာသီဥတုက ငါနဲ့ ဘယ်လောက်သင့်တော်သလဲဆိုတာ”
ပြီးပါပြီ။
ကျနော် ကြိုးစားပြီး ဘာသာပြန်ကြည့်ထားတာ။
ဖတ်ရှုကြသူများ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဆေးပညာဆိုင်ရာ စိတ်ကူးယဉ်သိပ္ပံဝတ္ထုတပုဒ်ပါ။
မကောင်းရင်တော့ ငှက်ကလေး ဘာသာပြန်တာညံ့တာဖြစ်မှာပါ။
ခင်တဲ့
waiyanlin
အစာအိမ်မရှိတဲ့လူ
ကျွန်တော့်စာဖတ်သူတွေအတွက်အသေးစိတ်တွေကိုဖယ်ပြီး ကျွန်တော်ပြောပါ့မယ်။စာဖတ်သူတို့ဟာ အနောက်အလယ်ပိုင်းမှာ နေပြီး သတင်းစာ နေ့စဉ်ဖတ်သူများဆိုရင် အဲဒီအချိန်သတင်းစာမှာပါတဲ့အကြောင်းအရာတွေဟာ ကျွန်တော် ခုပြောမယ့် အကြောင်းအရာတွေရဲ့ အစ ဖြစ်ပါတယ်။ သတင်းစာမှာ စတင်ပါလာတာကတော့ ၀င်းစလိုး ပါဝင်ပတ်သက်ချိန်က စတာဖြစ်တယ်။ အဲဒီအချိန်သတင်းစာထဲမှာ ဒီအဖြစ်အပျက်ကို စတင်ဖြစ်ပေါ်စေမဲ့အကြောင်းအရာတွေ ပါဝင်ခဲ့တယ်။ အံ့သြဖို့ကောင်းအောင် ဥာဏ်ပညာကြီးမားတဲ့ ဒေါက်တာ ဘော်လ်နီ နဲ့ သူ့ရဲ့ လှပတဲ့ ချစ်ဇနီး ဟယ်ရစ်ဆန်အထက်တန်းကျောင်းဆရာမ လေး အကြောင်းလဲပါခဲ့တာပေါ့။ ကျွန်တော် သူမကို သိတာ အတော်ကြာပြီ။ သူမက တကယ်ကို လှပပါတယ်။ သူမရဲ့ ဓါတ်ပုံတွေက သူမရဲ့ တကယ့် အလှတရားကို မပြနိုင်ပါဘူး။ သူမလှတယ်ဆိုတာ မျက်နှာမှာတင်မဟုတ်ဘူး။ သူမရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ကိုယ်ဟန်အမူအယာ၊ စကားပြောဆိုပုံ နဲ့ အပြုအမူ တွေကို ကင်မရာက မဖေါ်ပြနိုင်ပါဘူးလေ။

Comments
Post a Comment