မိတ်ဆွေတို့ရေ
ကျနော် မနေ့က ဘုရားရှိခိုးပြီးတော့ ပရိတ်ရွတ်ရင်း အဓိပ္ပါယ်လေးတွေကိုပါ သေချာဖတ်ကြည့်မိတယ်။ အဲဒီမှာ ဓဇဂ္ဂသုတ်မှာပါတဲ့ အဓိပ္ပါယ်လေးကို မိတ်ဆွေတို့ကို မျှဝေပေးချင်မိတယ်။
ဓဇဂ္ဂသုတ် ရဲ့ ဆိုလိုရင်းက
ဘုရားရှင်ဟာ တခါမှာ ဟောကြားတော်မူခဲ့တယ်။
သိကြားမင်းဟာ သူ့ရဲ့ နတ်စစ်သည်တွေကို ကြောက်လန့်ရင် သူ့ရဲ့ အလံ၊ ဒါမှမဟုတ်ရင် နတ်စစ်သူကြီးတွေရဲ့ အလံကို ကြည့်ရင် အကြောက်ပြေမယ်လို့ ပြောခဲ့တယ်။ ဒီလိုသိကြားမင်းရဲ့အလံကို ဒါမှမဟုတ် နတ်စစ်သူကြီးတွေရဲ့အလံကို ကြည့်တဲ့အခါ အကြောက်ပြေချင်လဲပြေမယ်။ မပြေချင်လဲ မပြေဘူး။ ဘာလို့လဲဆိုတော့ သိကြားမင်းဟာ ရာဂ၊ ဒေါသ၊ မောဟ မကင်းသေးတဲ့အတွက် သူကိုယ်တိုင် ကြောက်တတ်နေသေးလို့ပါ။
ဒါကြောင့် မြတ်စွာဘုရားရှင်က ရဟန်းတော်များကို ကြောက်လန့်တဲ့အခါ
ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တွေကို ပွားများဖို့ ပြောပါတယ်။ ဘုရားရှင်ကိုယ်တော်ဟာ ရာဂ၊ ဒေါသ၊ မောဟ ကင်းပြီးဖြစ်လို့ ကြောက်လန့်ခြင်းမရှိတော့လို့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်တွေကို ပွားများရင် ကြောက်လန့်ခြင်း ကင်းဝေးရမယ်လို့ ဟောတော်မူခဲ့ပါတယ်။
ကျနော်တို့လဲ ငယ်ငယ်တည်းက ဣတိပိသော အစချီတဲ့ ဂုဏ်တော်တွေကို ရွတ်ဆိုခဲ့ကြတာပါ။
ဒါပေမဲ့ အဓိပ္ပါယ်တော့ သေချာမသိခဲ့ဘူးလေ။ ဒီတော့ ဘုရား၊တရား၊ သံဃာ့ဂုဏ်တော်တွေကို သေချာသိပြီး ရွတ်ဖတ်ရင် ပိုပြီးအကျိုးများမယ်လို့ ထင်တယ်။ ဒါကြောင့် ကျနော့် မိတ်ဆွေတွေအတွက် ဝေမျှ လိုက်ပါတယ်။
ဘုရားဂုဏ်တော်ကိုးပါး
၁၊ အရဟံ = ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား
၂၊ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးတန်ကို သယမ္ဘူ ဥာဏ်ဖြင့် သိမြင်တော်မူသော မြတ်စွာဘုရား။
၃၊ ၀ိဇ္ဇာစရဏ သမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎၊ သုဂတော = ကောင်းသောစကားကို ပြောကြားတော်မူတတ်သော မြတ်စွာဘုရား။
၅၊ လောက၀ိဒူ = လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရား။
၆၊ အနုတ္တရောပုရိသာ ဒမ္မသာရထိ = လူ၊ နတ်တို့ကို အမြတ်ဆုံး ဆုံးမတော်မူနိုင်သော မြတ်စွာဘုရား။
၇၊ သတ္ထာဒေ၀မနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
၈၊ ဗုဒ္ဓေါ = သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတပါးကိုလည်း သိစေတော်မူတတ်သော မြတ်စွာဘုရား။
၉၊ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
တရားဂုဏ်တော်ခြောက်ပါး
၁၊ သွာက္ခာတော = ကောင်းစွာဟောကြားအပ်သော တရားတော်ဖြစ်၏။
၂၊ သန္နိဋ္ဌိကော = ကိုယ်တွေ့ အကျိုးရှိသော တရားတော် ဖြစ်၏။
၃၊ အကာလိကော = လက်ငင်းဒိဋ္ဌ အကျိုးရသော တရားတော်ဖြစ်၏။
၎၊ ဧဟိပဿိကော = လက်တွေ့ စမ်းသပ်လှည့်ပါဟု ဖိတ်ခေါ်သော တရားတော်ဖြစ်၏။
၅၊ သြပနေယျိကော = နတ်ရွာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်သော တရားတော် ဖြစ်၏။
၆၊ ပစ္စတံဝေဒိတဗ္ဗော = ကိုယ်ပိုင်အကျိုး ခံစားခွင့်ရှိသော တရားတော် ဖြစ်၏။
သံဃာ့ဂုဏ်တော် ကိုးပါး
၁၊ သုပ္ပဋိပန္နော = ကောင်းစွာကျင့်ကြံနေသော သံဃာတော်ဖြစ်၏။
၂၊ ဥဇုပ္ပဋိပန္နော = ဖြောင့်ဖြောင့်မှန်မှန် ကျင့်ကြံနေသော သံဃာတော် ဖြစ်၏။
၃၊ ဉာယပ္ပဋိပန္နော = မဂ်ဖိုလ်ရရန် ကျင့်ကြံနေသော သံဃာတော် ဖြစ်၏။
၎၊ သာမီစိပ္ပဋိပန္နော = ရိုသေလေးစားထိုက်အောင် ကျင့်ကြံနေသော သံဃာတော် ဖြစ်၏။
၅၊ အာဟုနေယျော = ခရီးဝေးမှ အလေးတမူ ဆောင်ယူလာသော ပစ္စည်းလေးပါးကို အလှူ ခံထိုက်အောင် ကျင့်ကြံနေသော သံဃာတော်ဖြစ်၏။
၆၊ ပါဟုနေယျော = ဧည့်သည်အတွက် ဆောင်လျက်ထားသော ပစ္စည်းများကို အလှူ ခံထိုက်အောင် ကျင့်ကြံနေသော သံဃာတော် ဖြစ်၏။
၇၊ ဒက္ခိဏေယျော = မြတ်သောအလှူ ကို ခံယူထိုက်အောင် ကျင့်ကြံနေသော သံဃာတော်ဖြစ်၏။
၈၊ အဉ္ဇလိကရဏီယော = ရှိခိုးထိုက်အောင် ကျင့်ကြံနေသော သံဃာတော် ဖြစ်၏။
၉၊ အနုတ္တရံ ပုညက္ခေတ္တံ = ကုသိုလ်မျိုးစေ့ ကြဲချရာ လယ်မြေကောင်းသဖွယ်ဖြစ်သော သံဃာတော်ဖြစ်၏။
ဝေယံ့ မိတ်ဆွေတို့ရေ၊
ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်တွေ ရွတ်ပွားပူဇော်ကြပြီး သံသရာတလျှောက်လုံး ကြောက်လန့်ခဲ့သမျှ ပြေပျောက်ကြပါစို့။
မေတ္တာဖြင့်
waiyanlin

Comments
Post a Comment