သွေးတိုးရောဂါ

ကျနော် ဒီပိုစ့်ကို ရေးဖို့ရည်ရွယ်နေတာကြာပါပြီ။ အချိန်မရတာနဲ့ ဘာသာပြန်ရမှာနဲ့ ဆိုတော့ ပျင်းတာနဲ့ရောပြီး တော်တော်နဲ့ မရေးဖြစ်တာပါ။ လူတော်တော်များများလဲ သွေးတိုးတတ်ကြတယ်ဆိုတော့ ဒီပိုစ့်လေးက ကျနော့် မိတ်ဆွေတွေ အတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။

 သွေးတိုးဆိုတာ ဘာလဲ

လူတော်တော်များများ ထင်တာက သွေးတိုးဆိုတာ ကိုယ်ထဲက သွေးတွေများလာတာလို့ထင်တာပါ။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သွေးတိုးဆိုတာ သွေးဖိအားမြင့်တက်တာကိုပြောတာပါ။ လူ့ကိုယ်ခန္ဓာထဲက သွေးပမာဏက မပြောင်းပါဘူး။
ယေဘူယျအားဖြင့် ပေါင် ၁၅၀ က ပေါင် ၁၈၀ လောက်ရှိတဲ့လူတွေမှာ သွေးပမာဏ ၄.၇ ကနေ ၅.၅ လီတာအထိရှိပါတယ်။  မိတ်ဆွေတို့ ကိုယ်ခန္ဓာထဲက သွေးပမာဏကို အတိအကျသိချင်ရင် ဒီ လင့်ခ် ကနေသွားပြီးတွက်လို့ရပါတယ်။


အဲဒီတော့ သွေးဖိအားတွေမြင့်တာဆိုတာဘာလဲ ဆိုတာပြောရဦးမယ်။
သွေးဖိအားဆိုတာက သွေးကြောထဲမှာရှိနေတဲ့ ဖိအားပါ။ ကျွန်တော်တို့ဆီမှာ သွေးပေါင်တက်တယ် ဆိုပြီး ပြောနေကြတယ်။ မျက်လုံးထဲ ပေါင်ချိန်စက်ကြီးမြင်လာတာပေါ့။  တကယ်တော့ သွေးဖိအားမြင့်တက်တယ်လို့ ပြောရမှာပါ။
နှလုံးက ညှစ်လိုက်တဲ့ အချိန်မှာသွေးလွှတ်ကြောထဲမှာရှိတဲ့ ဖိအားကို အပေါ်သွေးဖိအား လို့ ခေါ်ပြီး နှလုံးကြွက်သားတွေပြေလျော့တဲ့အချိန် သွေးလွှတ်ကြောထဲက ဖိအားကို အောက်သွေးဖိအားလို့ ခေါ်ပါတယ်။ ဥပမာ သွေးဖိအား (Blood Pressure) ၁၂၀/၈၀ ဆိုရင် အပေါ်သွေးဖိအား ၁၂၀၊ အောက်သွေးဖိအား ၈၀ ပေါ့။ ဒါက ပုံမှန်ရှိတတ်တဲ့ သွေးဖိအားပါ။
အဲဒီပုံမှန် သွေးဖိအားထက်များလာတာ ( ဥပမာသွေးဖိအား ၁၆၀/၁၀၀) ဆိုရင် သွေးဖိအားမြင့်တက်တယ်လို့ ခေါ်ပါတယ်။
ဒါပေမယ့် သွေးဖိအား တခါတိုင်းလို့ သွေးဖိအားမြင့်ရုံနဲ့ သွေးတိုးရောဂါရှိပြီလို့ ပြောလို့မရပါဘူး။
စိတ်လှုပ်ရှားနေချိန်၊ စိတ်ဖိစီးမှုများပြီး ပင်ပန်းနေချိန်၊ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပြီးချိန်တွေမှာ  သွေးဖိအားမြင့်တက်နေတတ်ပါတယ်။
ဒါကြောင့် သွေးဖိအားမြင့်တက်နေတယ်ဆိုရင် သွေးတိုးရောဂါဖြစ်မဖြစ်သေချာအောင် ၄ ၅ ခါလောက် တိုင်းရပါမယ်။ တခါတည်းနဲ့ ၄ ၅ ခါ တိုင်းတာမဟုတ်ဘူးနော်။ တနေ့တာရဲ့ အချိန်အမျိုးမျိုး မှာ တိုင်းရမှာပါ။ တိုင်းတဲ့ အချိန်မှာလည်း သင့်စိတ်ထဲမှာ သက်တောင့်သက်သာနဲ့ နားနေတဲ့ အချိန်ဖြစ်ဖို့လိုပါတယ်။
တချို့လူတွေက ဆေးခန်းရောက်ရင် စိတ်လှုပ်ရှားတတ်တယ်။ အဲဒီအခါကျတော့ ဆေးခန်းမှာတိုင်းလိုက်တိုင်း သွေးကတက်နေရော။ ဒီလိုမျိုး မဖြစ်အောင် အကောင်းဆုံးကတော့ ကိုယ့်မှာ တခါချိန်လိုက်လို့ သွေးဖိအားမြင့်နေတယ်ဆိုရင် သွေးပေါင်ချိန်စက်လေးဝယ်၊ အိမ်မှာ တိုင်းကြည့်။ အဲဒါဆို ပိုပြီး စိတ်ချရပါတယ်။ အခုခေတ်မှာ ဘက်ထရီနဲ့ သွေးဖိအားကို ဒစ်ဂျစ်တယ်ဂဏန်းတွေနဲ့ ပြပေးတဲ့ သွေးပေါင်ချိန်စက်တွေပေါ်နေပါပြီ။ ဆရာဝန်ဆီသွားတိုင်းစရာမလိုတော့ပါဘူး။ ဒါလေးက တအိမ်တလုံးလောက်တော့ရှိသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဈေးလဲ သိပ်မကြီးပါဘူး။

လေ့လာစောင့်ကြည့်ချိန်

သင့်သွေးဖိအားက တခါတိုင်းလို့ မြင့်နေပြီဆိုရင် တလလောက်စောင့်ကြည့်သင့်ပါတယ်။ အဲဒီအချိန်အတွင်း မကြာခဏ သွေးဖိအားတိုင်းကြည့်ဖို့ လိုအပ်ပါတယ်။ လေ့လာချိန်ကတော့ အခြေအနေကို လိုက်ပြီး ပြောင်းလဲပါတယ်။
သင့်မှာ တခြားဘာလက္ခဏာမှမရှိပဲ သွေးဖိအား ၁၅၀/၉၀ လောက်ဆိုရင် ရက်သတ္တပါတ် များများ စောင့်ကြည့်မှာပါ။
သင့်မှာ တခြား ထူးခြားတဲ့လက္ခဏာ (ဥပမာ-ဆီးချို) ပါတွဲရှိနေပြီဆိုရင်တော့ သင့်ကို တပါတ်လောက်ပဲ စောင့်ကြည့်ပြီးကုသမှုခံယူစေမှာဖြစ်ပါတယ်။
အဲဒီလို လေ့လာစောင့်ကြည့်တဲ့အချိန်မှာ သင့် နေထိုင်မှု ပုံစံပြောင်းဖို့ အချိန်ကောင်းပါပဲ။

သွေးတိုးရောဂါ သတ်မှတ်ချက်

လေ့လာစောင့်ကြည့်ချိန်ပြီးသွားတဲ့အထိ သင့် သွေးဖိအားပမာဏဟာ ဆက်တိုက်မြင့်နေမယ်ဆိုရင်တော့ သင့်မှာ သွေးတိုးရောဂါ ရှိနေပါပြီ။
သွေးတိုးရောဂါ အဆင့်သတ်မှတ်ချက်တွေကို ကြည့်ရအောင်နော်။

 အမျိုးအစား                         အပေါ်သွေးဖိအား                            အောက်သွေးဖိအား
ပုံမှန်(သွေးတိုးမရှိ)                ၁၂၀ အောက်                                   ၈၀ အောက်
သွေးတိုးအစပျိုး                     ၁၂၀ မှ ၁၃၉            (သို့)                 ၈၀ မှ ၈၉
သွေးတိုးအဆင့် ၁                 ၁၄၀ မှ ၁၅၉            (သို့)                 ၉၀ မှ ၉၉
သွေးတိုးအဆင့် ၂                 ၁၆၀ အထက်           (သို့)                 ၁၀၀ အထက်

သွေးတိုးတယ်ဆိုတာ အောက်သွေးဖိအား တက်နေရင်လဲ သွေးတိုးတယ်လို့ သတ်မှတ်ရပါတယ်။
တခါတလေ အပေါ်သွေးဖိအား က ၁၅၀ လောက်ဆိုပေမဲ့ အောက်သွေးဖိအားက ၁၀၅ လောက်ဖြစ်နေရင် သွေးတိုး အဆင့် ၂ လို့ သတ်မှတ်ပါတယ်။






ဘာကြောင့် သွေးတိုးရောဂါဖြစ်တာလဲ။

 သွေးတိုးရောဂါတော်တော်များများမှာ ဘာကြောင့်ဖြစ်လဲမသိရပါဘူး။
ဒါပေမယ့် အောက်ပါ အချက်တွေကြောင့် သွေးတိုးရောဂါဖြစ်နိုင်ခြေ ပိုများစေပါတယ်။

သင်ထိန်းချုပ်လို့ရမဲ့ အချက်တွေ
၁။  ကိုယ်အလေးချိန်
      ယျေဘုယျအားဖြင့်တော့ ၀ တဲ့လူတွေမှာ သွေးတိုးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

၂။  အစားအစာ
     အငံများတဲ့ အစားအသောက်တွေဟာ သွေးတိုးရောဂါဖြစ်နိုင်ခြေပိုများစေပါတယ်။ အချိုမှုန့်ဟာလဲတူတူပါပဲ။ ဆားက ဆိုဒီယမ်ကလိုရိုက်၊ အချိုမှုန့်က ဆိုဒီယမ်ဂလူတမိတ်၊ ဖြစ်ပါတယ်။ ဆိုဒီယမ်များတဲ့ အစားအသောက်က သွေးဖိအားမြင့်တက်စေပါတယ်။ အဆီများတဲ့ အစားအသောက်ကတော့ လူကိုဝစေပြီး အဆီတွေက သွေးကြောထဲမှာ ပုံလာရင် သွေးတိုးလာစေပါတယ်။

၃။ အရက်သောက်ခြင်း
     အရက် အလွန်အကျွံသောက်သုံးခြင်းကလဲ သွေးဖိအားကို မြင့်တက်စေပါတယ်။

၎။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း။
     ဒါကလဲ ကိုယ်အလေးချိန်တက်ပြီး သွေးဖိအားမြင့်တက်လာစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့ အတွက် နှလုံးရဲ့စွမ်းဆောင်ရည်ကျဆင်းပြီး သွေးတိုးရောဂါကို ပိုမိုဆိုးဝါးစေပါတယ်။

၅။ စိတ်ဖိစီးမှု များခြင်း
    စိတ်ဖိစီးမှုများခြင်းကြောင့် သွေးဖိအားမြင့်တက်စေပါတယ်။

ဒီအချက်ငါးချက်ကို ထိန်းချုပ်ခြင်းဖြင့် သင့်သွေးဖိအားကို ကျစေလိမ့်မယ်။

သင်ထိန်းချုပ်လို့မရတဲ့ အချက်တွေ
 ၁။ အသက်ကြီးရင့်ခြင်း
      အသက်ကြီးလာတဲ့ အခါ သွေးကြောတွေဟာ မာလာပါတယ်။ အဲဒီအခါမှာ သွေးဖိအား တက်လာပါတယ်။ ဒါကို ရှောင်လွှဲလို့ မရပါဘူး။

၂။ မျိုးရိုးရှိခြင်း
    မိသားစုမှာ သွေးတိုးရောဂါရှိရင် ကိုယ့်မှာလဲ သွေးတိုးရောဂါဖြစ်ဖို့ အခွင့်အရေးပိုများပါတယ်။

၃။ ကျားမ
    ယောက်ျားတွေဟာ အမျိုးသမီးတွေထက် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
   အမျိုးသမီးတွေကတော့ ကိုယ်ဝန်ဆောင်နေစဉ် သွေးဖိအားမြင့်တက်လာတတ်ပါတယ်။ ဒါ့အပြင် သန္ဓေတားဆေးသုံးစွဲနေရင်လဲ သွေးဖိအား မြင့်တက်လာတတ်ပါတယ်။

၎။ ကျန်းမာရေး ပြဿနာများ
     အချို့ ရောဂါတွေက သွေးတိုးရောဂါကိုပါဖြစ်စေပါတယ်။ ဥပမာ - ဆီးချို၊ရောဂါ။ ကျောက်ကပ်ရောဂါ

သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမားလို့ တခါတလေမှာ ခေါ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့လူတွေမှာ ဘာလက္ခဏာမှမပြပဲ သွေးတိုးနေတတ်လို့ပါ။
 ဒါကြောင့် လူတိုင်း သွေးဖိအားကို တိုင်းကြည့်သင့်ပါတယ်။
ဘယ်လောက်တခါတိုင်းကြည့်သင့်သလဲဆိုတော့ အသက်ငယ်တဲ့လူတွေဆို တနှစ်တခါလောက်တော့ တိုင်းကြည့်သင့်ပါတယ်။ အသက်ငယ်ပေမဲ့လဲ သွေးတိုးရောဂါဖြစ်နိုင်ပါတယ်။
အသက်ကြီးတဲ့လူတွေအဖို့တော့ သွေးတိုးတခါမှမရှိဘူးဆိုရင် ၆လ တခါလောက် တိုင်းတာကြည့်သင့်ပါတယ်။
သွေးဖိအား ၁၃၀/၉၀ လောက်ရှိတဲ့လူတွေဆိုရင်၊ ဒါမှမဟုတ် သွေးတိုးရောဂါမျိုးရိုးရှိမယ်ဆိုရင်တော့ ၃၊၄လ မှာ တခါလောက်တော့ တိုင်းကြည့်သင့်တာပေါ့။

ကျန်းမာရေးအလေ့အကျင့်ကောင်းတွေရှိတဲ့ နိုင်ငံတွေမှာဆိုရင်တော့ တနှစ်တခါ ဆေးစစ်ကြတယ်။ တကိုယ်လုံးကို စစ်တာပေါ့။ သွေးစစ်တယ်။ ECG ရိုက်ကြည့်တယ်။ သွေးဖိအား တိုင်းကြည့်တယ်။ ရောဂါဖြစ်နိုင်ခြေရှိရင် ကြိုတင် ကာကွယ်နိုင်တာပေါ့။
ကျွန်တော်တို့ဆီမှာလဲ ဒီအလေ့အကျင့်လေး လုပ်ကြဖို့ ကောင်းတယ်။


သွေးတိုးရောဂါကြောင့် ဘာတွေဖြစ်နိုင်သလဲ။
သွေးတိုးရောဂါရှင်အများစုကတော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါကြောင့် ပုံမှန် သွေးဖိအားတိုင်းဖို့ အရေးကြီးတာပါ။
တချို့ လူတွေမှာတော့ အောက်ပါ ရောဂါလက္ခဏာတွေပြတတ်ပါတယ်။
၁။ ခေါင်းကိုက်ခြင်း
၂။ ခေါင်းမူးဝေခြင်း
၃။ အသက်ရှုမ၀ခြင်း
၎။ နှာခေါင်းသွေးလျှံခြင်း
ဒါပေမယ့် ဒီလက္ခဏာတွေပြတိုင်းလဲ သွေးတိုးရောဂါဖြစ်ပြီလို့ မပြောနိုင်ပါဘူး။ သွေးဖိအား တိုင်းကြည့်မှသာ သေချာပြောနိုင်ပါလိမ့်မယ်။

သွေးတိုးရောဂါက သွေးဖိအားမြင့်တက်နေတာနဲ့ တင် ပြီးတာမဟုတ်ပါဘူး။ သွေးတိုးရောဂါကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးပါ။

သွေးဖိအားမြင့်တက်နေတာကို မထိန်းချုပ်ဘူးဆိုရင်
သွေးကြောတွေမာကြောလာပါမယ် ( arteriosclerosis)
အဲဒီလိုဖြစ်တာက နှလုံးသွေးကြောတွေကို ထိခိုက်ရင် နှလုံးရောဂါရပါမယ်။ နှလုံးတိုက်ခိုက်မှု ခံရနိုင်ပါတယ် (Heart attack ) ။ နှလုံးပျက်စီးနိုင်ပါတယ်။(Heart Failure)
ကျောက်ကပ်သွေးကြောတွေပျက်စီးပြီး ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ (Kidney Failure)
မျက်လုံးသွေးကြောတွေပျက်စီးပြီး မျက်လုံးရောင်လာမယ်။ မျက်စိကွယ်သွားနိုင်ပါတယ်။

သွေးတိုးရောဂါကို ဘယ်လိုကုသမလဲ။
သွေးပေါင်ပုံမှန်ချိန်ခြင်းဟာ အဓိက အရေးကြီးတဲ့အချက်ပါ။ စောစောကြိုသိရင် ကုသရတာ ပိုလွယ်ကူပါတယ်။
သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို ပြင်လိုက်ဖို့က ပထမဆုံးလုပ်ရမှာပါ။
ဒါဟာ အရေးအကြီးဆုံးကုထုံးပါပဲ။ ဆေးသောက်ရုံနဲ့ မပျောက်နိုင်ပါဘူး။

 
နေထိုင်စားသောက်မှုပုံစံ (Life Style Changing) ပြောင်းလဲခြင်း
၁။ ကျန်းမာရေးနှင့်အညီစားသောက်ခြင်း
  • အငံများသောအစားအသောက်ကို ရှောင်ပါ။ အသင့်စားနိုင်သော အစားအစာများထဲတွင် အငံဓါတ်များစွာ ပါတယ်။ ဥပမာ အာလူးကြော်၊ ခေါက်ဆွဲခြောက်။ ပင်လယ်စာများ အသီးအနှံများနှင့်သံပရာရည်တို့ကို ပြောင်းလဲစားသုံးသင့်ပါတယ်။
  • အဆီများသော အသားနှင့် နို့၊ ရေခဲမုန့်၊ ထောပတ်တို့ကို အနည်းငယ်သာစားပါ
  • အသီးအနှံများ၊ ကောက်နှံများ၊ အဆီမပါသောနို့ထွက်ပစ္စည်းများကို ပိုမိုစားပေးပါ
၂။ ကိုယ်အလေးချိန် လျှော့ချပါ
       သင်အ၀လွန်နေလျှင် ကိုယ်အလေးချိန်လျှော့ချပါ။ အစားမစားပဲ ကိုယ်အလေးချိန် လျှော့ချခြင်းမျိုး မပြုလုပ်သင့်ပါ။ ကိုယ်အလေးချိန် လျှော့ချရာတွင် ကျန်းမာရေးနှင့်အညီစားသောက်၍ ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၃။ လေ့ကျင့်ခန်း လုပ်ပါ။
       ကိုယ်လက်လှုပ်ရှားမှုလုပ်တာဟာ သင့်ကို သွေးဖိအားကျဆင်းစေရုံသာမကပါဘူး။ သင့်ရဲ့ ကျန်းမာရေးအခြေအနေအားလုံးကို တိုးတက်စေပါတယ်
  • နေ့စဉ်မိနစ်သုံးဆယ်ခန့် အသင့်အတင့်လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။
  • သင်စိတ်ပျော်ရွှင်စေသော လေ့ကျင့်ခန်းမျိုးကို ရွေးလုပ်ပါ။ (ဥပမာ- လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ကခြင်း၊ ဥယျဉ်စိုက်ပျိုးခြင်း၊) ၀ိတ်မခြင်းကို တော့ သွေးတိုးနေလျှင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါတယ်၊
  • သင့် အသက် ၄၀ ကျော်နေလျှင် သို့မဟုတ် ရောဂါရှိလျှင်တော့ လေ့ကျင့်ခန်းအစီအစဉ်မစခင် ဆရာဝန်နှင့် တိုင်ပင်ကြည့်သင့်ပါတယ်။ 
၎။ အရက်ကို အလွန်အကျွံမသောက်ပါနှင့်။
    အရက်ကို လျှော့သောက်ခြင်းက သင့်ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပါလိမ့်မယ်။

၅။ ဆေးလိပ်ဖြတ်ပါ။
     ဆေးလိပ်သောက်ခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် အခြားကျန်းမာရေးဆိုးကျိုးတွေကို ပေးပါတယ်။  သင့်မှာ သွေးတိုးရောဂါရှိတယ်ဆိုရင်တော့ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအခြေအနေကို ပိုမိုဆိုးဝါးစေပါလိမ့်မယ်။ သင်ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်နိုင်အောင် အကူအညီရယူပါ။

၆။ စိတ်ဖိစီးမှုကို လျှော့ချပါ။
     သင့်မှာစိတ်ဖိစီးမှုများနေလျှင် တရားထိုင်ခြင်း၊ စိတ်ဖြေလျှော့ခြင်းလေ့ကျင့်ခန်းများကို လေ့လာပြီး  စိတ်ဖိစီးမှုကို လျှော့ချပါ။

ဆေးဝါးနှင့်ကုသခြင်း
   ဆေးဝါးနှင့် ကုသခြင်းကတော့
  • သင့်ကိုယ်ခန္ဓာက ပိုလျှံနေတဲ့ ရေနှင့် အငံဓါတ်တွေကို လျှော့ချပေးပါလိမ့်မယ်။
  • နှလုံးခုန်နှုန်းကို မှန်စေပြီး နှလုံးပင်ပန်းမှု သက်သာစေပါလိမ့်မယ်။
  • သွေးကြောငယ်လေးတွေကို ကျယ်စေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေပါလိမ့်မယ်။
ဒါပေမယ့် သင့်ရဲ့ နေထိုင်စားသောက်မှုပုံစံမပြောင်းရင်တော့ ဆေးဝါးနှင့် ကုသခြင်းက အနည်းငယ်သာ ကူညီပေးနိုင်မှာပါ။
သင့်ရောဂါကုသမှု အောင်မြင်ရေးမှာ သင်ဟာ အရေးကြီးဆုံးနေရာက ဖြစ်ပါတယ်။
ရောဂါတကယ်ပျောက်ချင်ယင် တကယ်ကြိုးစားလုပ်ပါ။
သွေးတိုးရောဂါအတွက်ဆေးဝါးတွေက  ဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။
ဘာတွေလဲဆိုတော့ အိပ်မပျော်ခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်း၊ ကြွက်သားများအားမရှိခြင်း တို့ဖြစ်ပါတယ်။
တကယ်လို့ သင် သွေးတိုးရောဂါအတွက်ဆေးတွေသောက်ပြီး အဲဒီလိုခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သူက ဆေးပမာဏကို ချိန်ညှိပေးပါလိမ့်မယ်။
ဒါပေမယ့် အကောင်းဆုံးကတော့ သင့် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ဖို့ပါ။
ဒါဆိုရင် သွေးတိုးရောဂါကို အကောင်းဆုံး တွန်းလှန်နိုင်ပါပြီ။

မိတ်ဆွေတို့ရေ
ကျနော့် ပို့စ်က တော်တော် ရှည်သွားပြီ။
သွေးတိုးရောဂါအကြောင်းကလဲ များတာကိုး။
ထပ်ပြီးသိချင်တာရှိရင်လဲ waiyanlin75@gmail.com ကို massage ပို့ပြီး မေးလို့ရပါတယ်နော်။

ခင်မင်စွာဖြင့်
waiyanlin


 











Comments