Apple Cider Vinegar ပန်းသီး ဆီဒါ ဗနီဂါ

ပန်းသီး ဆီဒါ ဗနီဂါ ဟာ ကိုယ်အလေးချိန်ကျစေပါသလား။
ပန်းသီး ဆီဒါ ဗနီဂါဆိုတာ ပန်းသီးဖျော်ရည်ကို နှစ်ကြိမ်ထပ်ပြီး အချဉ်ဖောက်ထားတာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အက်ဆီတစ်အက်ဆစ်ကြွယ်ဝတဲ့ ပယင်းရောင် အချဉ်စူးစူး ဗနီဂါကို ရပါတယ်။
ပန်းသီး ဆီဒါ ဗနီဂါဟာ ကမ္ဘာပေါ်မှာ ထုတ်လုပ်မှု အများဆုံး ဗနီဂါထဲမှာပါဝင်ပါတယ်။
 လူအများစုကတော့ ပန်းသီး ဆီဒါ ဗနီဂါဟာ ကျန်းမာရေးအတွက်ကောင်းတယ်။ ကျန်းမာရေး အကျိုးကျေးဇူးရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ၀ယ်ယူသုံးစွဲကြတာပါ။
တချို့သော ကျန်းမာရေးအကျိုးရနိုင်တဲ့ အချက်အလက်တွေက ဖြစ်နိုင်စရာတော့ရှိပါတယ်။ ဒါပေမယ့် ဒါကို သက်သေပြဖို့ လေ့လာစူးစမ်းမှု အနည်းငယ်သာရှိပါတယ်။
ပန်းသီး ဆီဒါ ဗနီဂါဟာ ကျန်းမာရေးအတွက် သေသေချာချာ အထောက်အကူ ဖြစ်စေတယ်ဆိုတာကို ခိုင်မာတဲ့ သက်သေပြချက်တော့ မရှိသေးပါဘူး။
ဒီစာစုမှာ ကျွန်တော်တို့ဟာ ပန်းသီးဗနီဂါကို သုံးစွဲခြင်းဖြင့် ကိုယ်အလေးချိန်ကျစေနိုင်သလားဆိုတာကို စူးစမ်းလေ့လာကြပါမယ်။
လေ့လာချက်များနှင့် အထောက်အထားများ
ပန်းသီးဗနီဂါကို သောက်သုံးခြင်းဖြင့် ၀ိတ်ကျနိုင်ပါသလားဟု မေးလျှင် ၀ိတ်ကျကောင်းကျနိုင်ပါသည်၊ သို့သော် သက်သေမပြနိုင်သေးပါဟု ဖြေရပေမည်။
ပန်းသီးဗနီဂါ သောက်သုံးခြင်းဖြင့် ၀ိတ်ကျကြောင်း ပြောဆိုရာတွင် အများအားဖြင့် တိရိစ္ဆာန်များတွင်ပြုလုပ်သော လေ့လာမှု အသေးစားများကို အခြေခံ ပြောဆိုကြသည်။
မည်သို့ပင်ဖြစ်စေ ထိုလေ့လာမှုအသေးစားများသည် ပန်းသီးဗနီဂါကြောင့် ရရှိနိုင်သော အကျိုးများအတွက် နောက်ထပ် လေ့လာစူးစမ်းရန် တံခါးဖွင့်ပေးလိုက်ပေသည်။

ကိုယ်တွင်း အဆီလျှော့ချခြင်း
ပန်းသီးဗနီဂါတွင် ပါဝင်သော အက်ဆီတစ်အက်ဆစ်သည် ကိုယ်အလေးချိန်လျှော့ချရာတွင် အဓိက ပါဝင်သည်ဟု အချို့သော လေ့လာမှုများက ကောက်ချက်ချကြသည်။
ဇီဝသိပ္ပံ၊ ဇီဝနည်းပညာနှင့် ဇီဝဓာတု လေ့လာချက်များတွင် အက်ဆီတစ် အက်ဆစ် ပေးထားသောကြွက်များသည် ကိုယ်တွင်းအဆီတိုးပွားမှု နည်းပါးသည်ဟု ဆိုသည်။
အက်ဆီတစ်အက်ဆစ် တိုက်ကျွေးသောကြွက်များသည် ရေသာတိုက်ကျွေးသော ကြွက်များထက် စွမ်းအင်လောင်ကျွမ်းမှု၊ အောက်ဆီဂျင်သုံးစွဲမှု နှင့် အဆီလောင်ကျွမ်းမှု ပိုများသည်။
ထိုအချက်ကြောင့် အက်ဆီတစ်အက်ဆစ်သည် ခန္ဒာကိုယ်တွင်း အဆီဖြစ်ပေါ်မှုကို တားဆီးပေးသည်ဟု လေ့လာသူများက ကောက်ချက်ချကြသည်။
သို့သော် ကိုယ်အလေးချိန်အညွှန်းကိန်း (BMI) ၂၅ မှ ၃၀ အတွင်း ရှိသော လူ ၁၅၅ဦးနှင့် စမ်းသပ်သော စမ်းသပ်မှုတခုတွင် ပန်းသီးဗနီဂါသောက်သုံးခြင်းသည် ကိုယ်တွင်းအဆီကျစေသော်လည်း အနည်းငယ်သာကျသည်ဟု ဖေါ်ပြထားသည်။
ထိုစမ်းသပ်မှုကို ၁၂ပါတ်ကြာပြုလုပ်ခဲ့ပြီး လူ ၁၅၅ဦးကို အုပ်စု ၃စု ခွဲသည်။ တစုကို ပန်းသီးဗနီဂါ ၁၅မီလီလီတာ၊ တစုကို ၃၀မီလီလီတာ နှင့် အခြားတစုကို ရေသာပေးပြီး စမ်းသပ်ခဲ့သည်။ ၁၂ပါတ်ကြာပြီးနောက်တွင် ပန်းသီးဗနီဂါသောက်သော အုပ်စုသည် မသောက်သော အုပ်စုထက် ကိုယ်အလေးချိန်ပိုနည်းပြီး ခါးနှင့် ၀မ်းဗိုက်အဆီများနည်းပါးသည်ကို တွေ့ရှိရသည်။

တင်းတိမ်သောခံစားမ
အာဟာရ နှင့် ဆေးပညာ ဥရောပဂျာနယ်မှ လေ့လာမှုတခုတွင် အက်ဆီတစ်အက်ဆစ် သောက်သုံးသူများနှင့် မသုံးသူများကြား ဂလူးကို့စ်၊ အင်ဆူလင် နှင့် အစာစားပြီး ပြည့်ဝတင်းတိမ်မှု ခြားနားချက်တို့ကို စမ်းသပ်ခဲ့သည်။
လူ ၁၂ဦးကို ပေါင်မုန့်ဖြူ စားသုံးစေပြီး အက်ဆီတစ်အက်ဆစ် ပါဝင်မှု မတူညီသော ဗနီဂါကို တိုက်ကျွေးခဲ့သည်။ အခြား ၁၂ဦးကိုမူ ပေါင်မုန့်သာကျွေးပြီး ဗနီဂါ မတိုက်ခဲ့။
ထိုစမ်းသပ်မှုတွင် အက်ဆီတစ်အက်ဆစ် အများဆုံးပါဝင်သော ဗနီဂါကို သောက်သုံးခဲ့ရသူသည် ပေါင်မုန့်ဖြူစားပြီးနောက် အခြားသူများထက် သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင် အနိမ့်ဆုံးဖြစ်နေသည်။
ထို့ပြင် အက်ဆီတစ်အက်ဆစ်အများဆုံးပါလေ အစာစားပြီး တင်းတိမ်မှု ပိုများလေ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် လေ့လာသူများသည် အချဉ်ဖောက်ထားသော အက်ဆီတစ်အက်ဆစ်ပါဝင်သည့် ဗနီဂါသည် အစာစားပြီးနောက် သွေးတွင်းသကြားဓာတ်လျှော့ချပေးပြီး ပြည့်ဝတင်းတိမ်သောခံစားမှု ရရှိစေကြောင်း ကောက်ချက်ချခဲ့ကြသည်။

ကိုယ်အလေးချိန်ကျဆင်းမှု၊ သွေးတွင်းသကြားဓာတ်နှင့် ကိုလက်စထရော
နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ လေ့လာမှု မှတ်တမ်းများထဲမှ လေ့လာမှုတခုတွင် ပန်းသီးဗနီဂါသည် ကြွက်များတွင် အ၀လွန်မှုကို တားဆီးပေးကြောင်း တွေ့ရှိရသည်။
ကြွက်အုပ်စု နှစ်စု ကို အဆီများသော အစားအစာများကျွေးခဲ့ပြီး တစုကို ပန်းသီးဗနီဂါတိုက်သည်။ နောက်အုပ်စုတခုကိုမူ ဗနီဂါ မတိုက်ပဲ ထားခဲ့သည်။
ဗနီဂါ သောက်သုံးရသောကြွက်အုပ်စုသည် မသောက်ရသော အုပ်စုထက် အစား စားသုံးမှု နည်းပြီး ကိုယ်အလေးချိန်လဲ နည်းသည်။ ထို့ပြင် သွေးတွင်းသကြားဓာတ်နှင့် ကိုလက်စထရောလဲ နည်းပါးကြောင်း တွေ့ရှိရသည်။

ပန်းသီးဗနီဂါ၏ အစာစားချင်စိတ်ဖြစ်ပေါ်မှု လျော့ကျစေသော အကျိုး
ပန်းသီးဗနီဂါဟာ လူတွေကို အစာစားချင်စိတ် လျော့ကျစေတယ်ဆိုတာကို စမ်းသပ်မှုတခု လုပ်ခဲ့ပါတယ်။
လူတွေကို ပန်းသီးဗနီဂါတိုက်ပြီး အစားကျွေးတဲ့အခါ အစာ မစားနိုင်တာကို တွေ့ရပါတယ်။
ဒါပေမယ့် လေ့လာသူတွေက ဒါဟာ ပန်းသီးဗနီဂါက အစာစားချင်စိတ်ကို ထိမ်းတာမဟုတ်ပဲ ဗနီဂါသောက်ပြီး ပျို့အန်ချင်တဲ့ ခံစားမှုကြောင့် အစာမစားနိုင်တာလို့ ပြောပါတယ်။
ဒါကြောင့် လေ့လာသူတွေက ပန်းသီးဗနီဂါဟာ အစာစားချင်စိတ်ကို ထိမ်းချုပ်တဲ့နေရာမှာ မကူညီနိုင်ဘူးလို့ယူဆပါတယ်။

ပန်းသီးဗနီဂါကို ဘယ်လိုစားသုံးမှာလဲ
ပန်းသီးဗနီဂါဟာ အစားအစာတွေကို အရသာရှိအောင်ပြုလုပ်ရာမှာရော၊ အသီးတွေကို ချဉ်ဖတ်လုပ်ရာမှရော သုံးနိုင်ပါတယ်။
ဘာဘီကျူးနဲ့စားတဲ့ အချဉ်ရည်မှာလဲ ထည့်လို့ရပါတယ်။
အကောင်းဆုံးနဲ့ ကျန်းမာရေးနဲ့ အညီဆုံးကတော့ အရွက်သုတ်တွေမှာ ပန်းသီးဗနီဂါကို ဟင်းရွက်ဆီ ဒါမှမဟုတ် သံလွင်ဆီတို့နဲ့ ရောပြီး စားသုံးခြင်းပါ။
ပန်းသီးဗနီဂါ တဇွန်း နှစ်ဇွန်းလောက်ဟာ ကျန်းမာရေးအတွက် သူပေးမဲ့ အကျိုးတွေကို ရရှိစေပါတယ်။
ဒါပေမယ့်လည်း ပန်းသီးဗနီဂါဟာ လူတိုင်းနဲ့တော့ မသင့်တော်ပါဘူး။ အစာအိမ် အနာရှိတဲ့လူ အစာအိမ် အချဉ်ပေါက်တဲ့လူတွေကို ပိုပြီး အခြေအနေဆိုးရွားစေပါတယ်။
တဖက်မှာလည်း ရင်ပူတတ်တဲ့လူတွေကို အစာအိမ်အက်ဆစ်လျော့ကျစေပြီး ရင်ပူသက်သာစေပါတယ်။
ဒါကြောင့် အစာအိမ်ရောဂါရှိတဲ့လူများဟာ ပန်းသီးဗနီဂါကို ကျန်းမာရေးအတွက် အထောက်အကူအနေနဲ့ သုံးစွဲမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
နောက်ထပ်သတိထားရမှာတခုကတော့ ပန်းသီးဗနီဂါကို မကြာခဏသုံးစွဲမယ်ဆိုရင် သူ့ရဲ့ အက်ဆစ်ဟာ သွားတွေရဲ့ ကြွေလွှာကို ပျက်စီးစေနိုင်တယ်ဆိုတာပါပဲ။

အဆုံးသတ် ကောက်ချက်
ပန်းသီးဗနီဂါဟာ ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အကျိုးရှိတယ်၊ အထောက်အကူဖြစ်တယ် ဆိုတဲ့ ရလဒ်တွေရှိပါတယ်။ ဒါပေမယ့်လဲ ပန်းသီးဗနီဂါ တခုတည်းနဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။
လက်တွေ့စမ်းသပ်ချက်ကရလာတဲ့ ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းတွေဟာ လူတွေကို အောက်ပါအပြုအမူတွေပြုလုပ်ဖို့ တိုက်တွန်းပါတယ်။
၁. အချိုစားသုံးခြင်း၊ အကြော်အလှော်၊ ရယ်ဒီမိတ် သရေစာ စားသုံးခြင်း လျှော့ချရန်
၂. အသီးအနှံများ၊ အရွက်များ၊ ကောက်နှံများ (လုံးတီးဆန်၊ ပေါင်မုန့်ညို)၊ အဆီနည်းအသား နှင့် ကျန်းမာရေးနှင့်ညီသော အဆီကို စားသုံးရန်
၃. နေ့စဉ် အနည်းဆုံး မိနစ် ၃၀ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် တို့ ဖြစ်ပါတယ်။
ပန်းသီးဗနီဂါဟာ ကိုယ်အလေးချိန်လျှော့ချရန်နှင့် အချို့ ကျန်းမာရေးအခြေအနေကို ကောင်းမွန်ရန်ကူညီပေးသော်လည်း သူ့ကို ဆေးဝါးကုသမှုအနေနဲ့ သုံးရန်မသင့်တော်သေးပါ။
ပန်းသီးဗနီဂါကို မသုံးစွဲခင် မိမိရဲ့ ဆရာဝန်နှင့် တိုင်ပင်ရန် အကြံပြုပါတယ်။

ခင်တဲ့
waiyanlin
Ref; Medical News Today

Comments