ရင်သားကင်ဆာ နှင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ်

     ကျနော် ဒီနေ့ ဖတ်မိတဲ့ ဆေးပညာ သတင်းလေးကို မျှဝေချင်ပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံမှာလဲ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ က အဖြစ်များတဲ့ ကင်ဆာတခုပါ။
ဒါလေးကို ဖတ်ရရင် မိတ်ဆွေတွေ အကျိုးရှိမယ် ထင်လို့  ရေးသားလိုက်ရပါတယ်။
ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်တဲ့နေရာမှာ အိုမီဂါ၃ ဖက်တီး အက်ဆစ် များများ စားသုံးခြင်းက အထောက်အကူပြုတယ်လို့ သုတေသန တွေက ဆိုပါတယ်။ ဒါပေမယ့် အခု နောက်ဆုံး လေ့လာတွေ့ ရှိချက်တွေမှာတော့ ငါးကရတဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ်တွေက တခြားကရတဲ့ ဟာထက် ပိုပြီး အကျိုးသက်ရောက်မှုရှိတယ် လို့ ဆိုပါတယ်။
ငါးကရတဲ့ အိုမီဂါ ၃ က အပင်ကရတဲ့ အိုမီဂါ၃ ထက် ရင်သားကင်ဆာ မဖြစ်အောင်ကာကွယ်တဲ့ နေရာမှာ၊ ရင်သားကင်ဆာဖြစ်နေရင်လဲ ကင်ဆာကြိတ်တွေ မပွားအောင် တားဆီးတဲ့နေရာမှာ ပိုပြီး အစွမ်းထက်တယ်လို့ သုတေသီတွေက ပြောပါတယ်။

       ကနေဒါနိုင်ငံ၊ အွန်တေရီယိုမြို့  ဂူလပ်ဖ် တက္ကသိုလ်က သိပ္ပံပညာရှင်တွေကတော့ ငါးကရတဲ့ အိုမီဂါ၃ ဟာ အပင်ကရတဲ့ အိုမီဂါ၃ ထက်  ရင်သားကင်ဆာကြိတ်တွေ ပွားများမှုကို ရှစ်ဆတောင် ပိုမို နှေးကွေးသွားစေပါတယ် လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးနှင့် အာဟာရသိပ္ပံဋ္ဌာန၊ ဂူလပ်ဖ် တက္ကသိုလ်က ပရောဖက်ဆာ ဒေးဗစ်မာ နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သိပ်မကြာမီကပဲ ဒီတွေ့ရှိချက်ကို အမျိုးသားဇီဝဓာတုဂျာနယ်ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် အရေပြားကင်ဆာ ပြီးရင် ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။ ယခုနှစ်မှာ ခန့်မှန်းခြေ ရင်သားကင်ဆာ အသစ်ထပ်မံဖြစ်ပွားမှု ဟာ ၂၆၆၁၂၀ ရှိပါတယ်။ အဲဒီအထဲကမှ အမျိုးသမီး ၄၀၀၀၀ လောက်ဟာ ဒီရောဂါနဲ့ သေဆုံးနိုင်ပါတယ်။

           ရင်သားကင်ဆာတွေထဲမှာ ပြင်းထန်တဲ့ အမျိုးအစားတခုကတော့ (HER 2 Positive) ရင်သားကင်ဆာအမျိုးအစားပါ။ အဲဒီအမျိုးအစားမှာဆိုရင် ရင်သားကင်ဆာကြိတ်တွေမှာ (Human Epidermal growth factor Receptor 2) HER2 ပရိုတိန်း ပမာဏ ပါဝင်မှု မြင့်တက်နေတာဖြစ်ပါတယ်။ ဒီ HER2 ပရိုတိန်း မြင့်တက်မှုက ရင်သားကင်ဆာဆဲလ်တွေ ကို ပိုမိုလျှင်မြန်စွာ ပွားများလာစေပါတယ်။
ရင်သားကင်ဆာတွေရဲ့  ၂၅ရာခိုင်နှုန်းလောက်က HER2 Positive အမျိုးအစားဖြစ်ပါတယ်။
ရှေးအရင် လေ့လာချက်တွေမှာ ကတည်းက အိုမီဂါ၃ ဖက်တီးအက်ဆစ်ဟာ ရင်သားကင်ဆာကြိတ်တွေ ပွားများမှုကို တွန်းလှန်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အိုမီဂါ၃ အမျိုးအစားတခုက တခြားတခုထက် ပိုပြီး ရင်သားကင်ဆာပေါ်မှာ အကျိုးသက်ရောက်မှု ရှိသလား။ ဒါကို ပရော်ဖက်ဆာ မာ နဲ့ သူ့အဖွဲ့က ရှာဖွေလေ့လာခဲ့တာ ဖြစ်ပါတယ်။

EPA နဲ့ DHA ၊ ကင်ဆာကျိတ်ကြီးထွားမှုကို လျှော့ချရာမှာ အကောင်းဆုံး
ငါးအဆီမှာ တွေ့ရတဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ် ၂ မျိုးရှိပါတယ်။ တမျိုးက (eicosapentaenoic acid) EPA ဖြစ်ပြီး နောက်တမျိုးက (docosahexaenoic acid)  DHA ဖြစ်ပါတယ်။ အပင်မှာ တွေ့ရတဲ့ နောက်ထပ် အိုမီဂါ၃ ဖက်တီးအက်ဆစ်ကတော့ (a-linolenic acid) ALA ဖြစ်ပြီး ပဲပုပ်၊ ကနိုလာဆီ၊ နှမ်းကြတ်ဆီ တို့ မှာ ပါဝင်ပါတယ်။
သူတို့ရဲ့ လေ့လာမှုအတွက် ပရော်ဖက်ဆာ မာ နဲ့ အဖွဲ့ ဟာ ဒီ အိုမီဂါ၃ ဖက်တီး အက်ဆစ် ၃မျိုး ရဲ့ အကျိုးသက်ရောက်မှုကို ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ကြွက်တွေကို HER2 Positive အမျိုးအစားရင်သားကင်ဆာဖြစ်အောင် မွေးပြီး ရင်သားကင်ဆာကြိတ် ပွားများမှု အပေါ်မှာ အိုမီဂါ၃ ဖက်တီးအက်ဆစ် ၃ မျိုးရဲ့ အကျိုးသက်ရောက်မှုကို နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။
ဒီစမ်းသပ်မှုဟာ အပင်ကရတဲ့ အိုမီဂါ၃ နဲ့ ငါးကရတဲ့ အိုမီဂါ၃ တို့ရဲ့ ရင်သားကင်ဆာကို တွန်းလှန်နိုင်မှု အပေါ် ပထမဆုံး နှိုင်းယှဉ်လေ့လာတာဖြစ်ပါတယ် လို့ ပရော်ဖက်ဆာ မာ ကပြောပါတယ်။ အပင်က ရတဲ့ အိုမီဂါ၃ နဲ့ ငါးကရတဲ့ အိုမီဂါ၃ နှစ်ခုစလုံးဟာ ရင်သားကင်ဆာကို ကာကွယ်နိုင်ကြောင်း အထောက်အထားရှိပြီးသားပါ။ ဒါပေမယ် ကျနော်တို့က ဘယ်ဟာက ပိုပြီး အစွမ်းထက်သလဲဆိုတာ အဆုံးအဖြတ်ပေးနိုင်အောင် ဒီစမ်းသပ်မှုကို ပြုလုပ်တာဖြစ်ပါတယ်။
ကြွက်ကလေးတွေကို မမွေးခင်တည်းက အိုမီဂါ၃ တမျိုးစီနဲ့ ထိတွေ့ပေးထားပါတယ်။  ဒီလိုပြုလုပ်ခြင်းဖြင့် သုတေသီတွေဟာ အိုမီဂါ၃ ဖက်တီးအက်ဆစ်က ကင်ဆာကြီးထွားမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို အကောင်းဆုံးသိစေပါတယ်။
ငါးကရတဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ်တွေဖြစ်တဲ့ EPA နဲ့ DHA တို့နဲ့ ထိတွေ့ရတဲ့ ကြွက်ကလေးတွေဟာ ရင်သားကင်ဆာကြိတ်အရေအတွက် ၃၀ရာခိုင်နှုန်းအထိလျော့ကျပြီး ကင်ဆာလုံး ရဲ့ အရွယ်အစားကတော့ ၆၀ကနေ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျတာကို တွေ့ရပါတယ်။
အပင်ကရတဲ့ အိုမီဂါ၃ ဖက်တီး အက်ဆစ် ဖြစ်တဲ့ ALA နဲ့  ပမာဏတူ ထိတွေရတဲ့ ကြွက်ကလေး တွေမှာတော့ EPA နဲ့ DHA အိုမီဂါ၃ ဖက်တီးအက်ဆစ်တို့လို အကျိုးသက်ရောက်မှု မရှိပါဘူး။ တူညီတဲ့ အကျိုးသက်ရောက်မှု ရရှိဖို့ဆိုရင် ALA ဖက်တီးအက်ဆစ်ကို ဒါ့ထက်ပမာဏ များများ ပေးရပါမယ်။
ခြုံပြောရမယ်ဆိုရင် သုတေသနအဖွဲ့ ဟာ EPA နဲ့ DHA အိုမီဂါ၃ ဖက်တီးအက်ဆစ်ဟာ ရင်သားကင်ဆာကြိတ်ကြီးထွားမှုကို ကာကွယ်တဲ့နေရာမှာ ALA အိုမီဂါ၃ ဖက်တီးအက်ဆစ်ထက် ရှစ်ဆပိုပြီး အစွမ်းထက်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

တပါတ်ကို ငါး နှစ်ကြိမ်သုံးကြိမ် စားသုံးပေးပါ။
      အိုမီဂါ၃ ဖက်တီးအက်ဆစ်က ကင်ဆာကြီးထွားစေတဲ့ လမ်းကြောင်းကို ပိတ်ပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့ မျိုးဗီဇကို လှုံ့ဆော်ပေးခြင်းဖြင့်  ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးတာ ဖြစ်တယ်လို့ ပရော်ဖက်ဆာ မာ နဲ့ အဖွဲ့ က ရှင်းပြခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ရှိမှုကို အခြေခံပြီး သုတေသီတွေက EPA နဲ့ DHA အိုမီဂါ၃ ဖက်တီးအက်ဆစ်တွေဟာ ရင်သားကင်ဆာကာကွယ်ဖို့ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိတယ်လို့ အကြံပေးခဲ့ပါတယ်။
        သုတေသီတွေ စမ်းသပ်မှုမှာ သုံးခဲ့တဲ့ EPA နဲ့ DHA အိုမီဂါ၃ ဖက်တီးအက်ဆစ် ပမာဏအရ အမျိုးသမီးတွေဟာ တပါတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် အဆီများတဲ့ ငါး ( ဆော်လမွန်၊ ကျူနာ၊ ထရောက်ငါး) တွေကို စားသုံးခြင်းဖြင့် ရင်သားကင်ဆာ ကာကွယ်နိုင်မယ့် အကျိုးကျေးဇူးကို ရရှိမယ်လို့ ပြောကြားခဲ့ပါတယ်။
        ဥအမျိုးမျိုး နဲ့ ငါးအဆီ ဖြည့်စွက်စာ (ငါးကြီးဆီ) တွေမှာလဲ DHA အိုမီဂါ၃ ဖက်တီးအက်ဆစ် ရရှိနိုင်တယ်လို့ ပရော်ဖက်ဆာ မာ ကပြောပါတယ်။
     ကျနော်တို့ မြန်မာနိုင်ငံမှာ ဆိုရင်လဲ ငါးတန် ငါးမြင်း စတဲ့ ငါးကြီးသား တွေမှာ ငါးအဆီ  အိုမီဂါ၃ ဖက်တီး အက်ဆစ် လုံလောက်စွာပါပါတယ်။
မိတ်ဆွေများ ငါးစားသုံးခြင်းဖြင့် ရင်သားကင်ဆာ ကာကွယ်နိုင်ကြပါစေ။
ခင်တဲ့
waiyanlin

Ref; Medical News Today

Comments