မနေ့က တပည့်လေးတွေနဲ့ စကားပြောရင်း စကားစပ်လို့ မေးကြည့်မိတယ်။ မင်းတို့ တိုက်ဖွိုက် ရောဂါကို သိကြသလားလို့။ အများစုက မသိကြဘူးလို့ ပြောကြတယ်။ တယောက်က တော့ သိတယ်တဲ့။
အဲဒါနဲ့ ကျနော်လဲ တော်တော် အထင်ကြီးသွားတယ်။ ဟာ ပြောပြပါဦး တိုက်ဖွိုက်ကို မြန်မာလို ဘယ်လိုခေါ်လဲ လို့ အားတက်သရော မေးလိုက်မိတယ်။
တပည့်ကျော်ကလဲ အားရပါးရဖြေတယ် - အူရောင် ငှက်ဖျားပါဆရာ။
အဲတာနဲ့ ကျနော်လဲ နားမရှင်းလို့ ဘာလဲ လို့ ထပ်မေးတော့ အူရောင် ငှက်ဖျားပါဆရာတဲ့။ သေရော။ အူရောင် ငန်းဖျား နဲ့ ငှက်ဖျားရောဂါ နဲ့ ရောနေကြတာ။
အဲတာနဲ့ သူတို့ကိုလဲ တိုက်ဖွိုက်ရောဂါ အကြောင်းရှင်းပြရင်း မသိသေးတဲ့သူတွေ အတွက် သိအောင် ပြောပြရင် အကျိုးရှိမယ်ဆိုပြီး ဒီစာကို ရေးဖြစ်ပါတယ်။
တိုက်ဖွိုက်ရောဂါ (သို့) အူရောင် ငန်းဖျားရောဂါ
အင်္ဂလိပ်လို တိုက်ရိုက်ခေါ်တာက တိုက်ဖွိုက် (Typhoid) မြန်မာလိုတော့ အူရောင်ငန်းဖျားရောဂါ၊ မြန်မာလို အခေါ်မှာ ရောဂါက ဘယ်လိုဆိုတာ ရှင်းပြီးနေပါပြီနော်။ အူရောင်ပြီး အပြင်းဖျားတာပေါ့။
ဒီရောဂါက ကူးစက်ရောဂါတမျိုးပါ။ ဆာလ်မိုနဲလား တိုက်ဖီ (Salmonella Typhi) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ။
တိုက်ဖွိုက်ရောဂါဟာ အစာနဲ့ ရေက တဆင့် ကူးစက် ပျံ့ နှံ့ နိုင်ပါတယ်။
တိုက်ဖွိုက်ရောဂါ ကူးစက်ခံရပြီဆိုရင် တချို့လူတွေမှာ ရောဂါ သိပ်မပြင်းထန်ပေမဲ့ တချို့ကတော့ အပြင်းအထန် ခံစားရပါတယ်။ သေချာမကုသဘဲ ထားမယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း ပေါက်ထွက်ခြင်းတို့ ဖြစ်ပြီး သေဆုံးနိုင်ပါတယ်။
တိုက်ဖွိုက်ရောဂါဖြစ်နေတယ်ဆိုတာကို စောစောသိမယ်ဆိုရင်တော့ ပိုးသတ်ဆေး (Antibiotic) တွေနဲ့ ကုသ ပျောက်ကင်းနိုင်ပါတယ်။
တိုက်ဖွိုက်ရောဂါ ဖြစ်လာရင် ဘယ်လို လက္ခဏာတွေ တွေ့ ရလဲ။
တိုက်ဖွိုက်ရောဂါ ကူးစက်ခံရပြီးတော့ ရောဂါပျိုးချိန်ဟာ တပါတ်ကနေ သုံးပါတ်လောက်အထိ ကြာတတ်ပါတယ်။
တိုက်ဖွိုက်ရောဂါ ရဲ့ ကနဦး လက္ခဏာတွေကတော့ အဖျားကြီးပါတယ်။ ကိုယ်အပူချိန် ၁၀၄.၉ ဒီဂရီဖာရင်ဟိုက် လောက်အထိ တက်လာနိုင်ပါတယ်။ ဗိုက်အောင့် ဗိုက်နာခြင်း၊ ၀မ်းပျက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ အစားအသောက်ပျက်ခြင်း နဲ့ တချို့လူတွေမှာ အနီကွက်တွေပါ ထွက်လာတတ်ပါတယ်။ အနီကွက်တွေက အများအားဖြင့် ရင်ဘတ်နဲ့ ကျောမှာ ထွက်တတ်ပါတယ်။
အဲဒီလို ကနဦးလက္ခဏာတွေ စပြီဆိုရင် သေချာ ဆေးကုသမှု ခံဖို့ လိုပါတယ်။ သေချာဆေးကုမခံလို့ ရောဂါပိုဆိုးလာပြီဆိုရင် ကယောင်ကတန်းတွေဖြစ်လာပါတယ်။ ပြီးရင်တော့ မလှုပ်မရှားနိုင်ပဲ မျောသွားပါ့မယ်။
နောက်ဆက်တွဲ ပြဿနာတွေလဲ ၀င်လာပါမယ်။ အဆိုးဝါးဆုံးကတော့ အူပေါက်သွားတာပါ။ ဒါဆိုရင် အသက် အန္တရာယ်စိုးရိမ်နေရပါပြီ။ တိုက်ဖွိုက်ရောဂါဖြစ်ပြီး သုံးပါတ်ကြာလို့ မှ သေချာ ဆေးကုမခံဘူးဆိုရင် အူပေါက်ဖို့ အရမ်းနီးစပ်သွားပါပြီ။
တခြား ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ - နှလုံးရောင်ခြင်း။ နှလုံး အမှေးပါးရောင်ခြင်း။ အဆုတ်ရောင်ခြင်း။ ပန်ကရိယ ရောင်ခြင်း၊ ဦးဏှောက် အမှေးပါးရောင်ခြင်း စတဲ့ ရောဂါတွေလဲ နောက်ဆက်တွဲ ဆက်ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် တိုက်ဖွိုက်ရောဂါဖြစ်နေတယ်လို့ ထင်ရင် ချက်ခြင်း ဆေးရုံ၊ ဆေးခန်းကို သွားပြီး ကုသမှု ခံယူသင့်ပါတယ်။
တိုက်ဖွိုက်ရောဂါက ဘယ်လို ကူးစက်တာလဲ။
တိုက်ဖွိုက်ရောဂါဟာ တိုက်ဖွိုက်ရောဂါပိုးတွေ ပါနေတဲ့ မသန့်ရှင်းတဲ့ အစားအစာ နဲ့ ရေ တို့ကို စားသုံးမိရာက တဆင့် ကူးစက်ပါတယ်။
တိုက်ဖွိုက်ရောဂါရှိနေတဲ့ လူရဲ့ မစင်မှာ တိုက်ဖွိုက်ရောဂါပိုးတွေ ပါဝင်နေပါတယ်။ အဲဒီလူဟာ အိမ်သာတက်ပြီး လက်ကို သေချာ စင်ကြယ်အောင် ဆပ်ပြာနဲ့ မဆေးဘူးဆိုရင် သူ့ လက်နဲ့ ထိသမျှ အစာ၊ ရေ တွေကို ရောဂါပိုးက ရောက်ရှိသွားမှာပါ။ အဲဒီအစားအစာ ကို စားမိတဲ့ လူတွေဟာ တိုက်ဖွိုက်ရောဂါ ကူးစက်ခံရပါတယ်။
နောက်ထပ် ကူးစက်ပုံ တမျိုးကတော့ ယင်ကောင်ကနေ တဆင့် ကူးပါတယ်။ ယင်ကောင်တွေက မစင်တွေပေါ်မှာ နားတာကို မြင်ဘူးကြမှာပါ။ ယင်လုံအိမ်သာ မရှိတဲ့ အရပ်မှာ တိုက်ဖွိုက်ရောဂါရှိတဲ့သူက မစင်စွန့်မယ်။ ယင်က အဲဒီမစင်ပေါ်နားရင် မစင်တွေက ယင်ကောင်ရဲ့ ခြေထောက်မှာ ကပ်ပြီး ပါလာပါမယ်။ သင့်အစားအစာနဲ့ ရေ တွေပေါ်ကို အဲဒီယင်ကောင်နားရင် မစင်တွေဟာ သင့် အစားအစာပေါ်ကို ရောက်သွားပါပြီ။ အဲဒီ အစားအစာကို သင်စားလိုက်တဲ့ အခါ မစင်မှာပါတဲ့ တိုက်ဖွိုက်ပိုးတွေက သင့်ကို တိုက်ဖွိုက်ရောဂါ ဖြစ်စေမှာပါ။
တချို့နေရာတွေမှာ အိမ်သာတွေက ညစ်ညမ်းတဲ့ ရေတွေဟာ သောက်သုံးရေတွေဆီကို ရောက်သွားတတ်ပါတယ်။ အထူးသဖြင့် မိုးတွင်း ရေလျှံနေတဲ့ အခါမှာပေါ့။ အဲဒီရေတွေကို သောက်သုံးမိရင်လည်း ရောဂါ ကူးစက်ပါတယ်။
တချို့က အသီးအနှံ စိုက်ပျိုးတဲ့ နေရာမှာ မြေသြဇာ အနေနဲ့ မစင်တွေကို ဖျန်းတတ်ကြပါတယ်။ အဲဒီအသီးအနှံတွေကို သန့်ရှင်းတဲ့ ရေနဲ့ သေချာ မဆေးပဲ စားမယ်ဆိုရင်လဲ ရောဂါကူးနိုင်ပါတယ်။
အဲဒီလို ရောဂါကူးစက်ပုံကို သိပြီဆိုရင် ကာကွယ်ဖို့ နည်းလမ်းလဲ ရှိပါတယ်။
ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ လက်ဆေးဖို့ပါ။ သင့်လက်ဟာ နေရာတကာ ကိုင်တွယ်မိပြီး ရောဂါပိုးတွေကို သယ်ဆောင်နေပါတယ်။ ဒါကြောင့် လက်ကို မကြာခဏ ဆေးဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်တွေမှာ အဓိက လက်ဆေးရမလဲ ဆိုတော့ အစားမစားခင်၊ အစားအစာများ ချက်ပြုတ်ရန် မပြင်ဆင်ခင်၊ အခြားသူများ ကိုင်တွယ်ထားသော ပစ္စည်းကို ကိုင်မိချိန်၊ အိမ်သာ တက်ပြီးချိန် တွေမှာ လက်ဆေးရပါမယ်။ သင့်စိတ်ထဲ လက်ဆေးဖို့ လိုတယ် ထင်တဲ့ အချိန် မှာ ဆေးရပါမယ်။ အထူးသဖြင့် သင့်မျက်နှာကို လက်မဆေးပဲ မကိုင်တွယ်ပါနဲ့။ လက်မှာ ရောဂါပိုးတွေပါလာတာကို သင့် ပါးစပ် နှုတ်ခမ်းကို ကိုင်တွယ်လိုက်ရင် ရောဂါပိုးတွေကို ပါးစပ်ထဲ တိုက်ရိုက်ထည့်ပေးသလို ဖြစ်နေပါလိမ့်မယ်။
နောက်ပြီးတော့ ရေကို ကျိုချက် သောက်ပါ။ ဒါမှမဟုတ် ရေသန့်ဘူးသောက်ပါ။
သေချာစွာ ကျက်အောင်ချက်ထားသော အစားအစာ ကို စားပါ။ လမ်းဘေးက ယင်တလောင်းလောင်းနဲ့ အစာ တွေကို မစားပါနဲ့ ။ အစားအစာတွေကို ယင်မနားအောင် ဖုံးအုပ်ထားပါ။
ဒါတွေကို သိပြီးသားတွေလို့ မပြောပါနဲ့ ။ သင်သိမှာပါ။ ဒါပေမဲ့ လိုက်နာမိပါသလား။
တိုက်ဖွိုက်ရောဂါဟာ တကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ရောဂါပါ။ ကျနော်တို့ ဖွံ့ ဖြိုးဆဲ နိုင်ငံတွေမှာ ပိုဖြစ်ပါတယ်။ နှစ်စဉ် လူ ၂၆ သန်းလောက် ဒီရောဂါ ကူးစက်ခံနေရပါတယ်။ သေချာမကုသနိုင်တဲ့ ဆင်းရဲတဲ့ လူတွေဟာ ဒီရောဂါကြောင့် သေဆုံးနေကြပါတယ်။
ကုသမှု မခံယူနိုင်တဲ့ လူ ၅ယောက် မှာ ၁ယောက် သေဆုံးပါတယ်။ ကလေးငယ်တွေမှာ ပို အဖြစ်များပြီး အသက်အန္တရာယ်နဲ့ နီးပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကဲ မိတ်ဆွေတို့ ခင်ဗျာ၊ သင့်အိမ်မှာ စနစ်တကျ ဆပ်ပြာနဲ့ လက်ဆေးတဲ့ အကျင့် လုပ်ပြီး သင့်ကလေးငယ်နဲ့ သင့်မိသားစုကို တိုက်ဖွိုက်ရောဂါနဲ့ တခြား ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးကြရအောင်။
Ref; Mayo Clinic
photo; internet
ခင်တဲ့
waiyanlin

Comments
Post a Comment