World Health Day - 7 April 2018 - ကမ္ဘာ့ ကျန်းမာရေးနေ့ - ဧပြီလ ၇ ရက်

ကမ္ဘာ့ ကျန်းမာရေးနေ့ - ဧပြီလ ၇ ရက်
ဧပြီလ ၇ ရက်နေ့ဟာ ကမ္ဘာ့ကျန်းမာရေးနေ့ပါ။ ဧပြီလ ၇ရက်ရောက်တိုင်း နိုင်ငံ အသီးသီးမှာ ကမ္ဘာ့ကျန်းမာရေးနေ့ကို ကျင်းပလေ့ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးနေ့ ဖြစ်ပေါ်လာပုံနဲ့ ကျင်းပရတဲ့ ရည်ရွယ်ချက်ကို ပြောပြချင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးနေ့ဆိုတာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျန်းမာရေးအသိနိုးကြားစေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) World Health Organization က ကြီးမှုးပြီး ကျင်းပနေတာဖြစ်ပါတယ်။
၁၉၄၈ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ ပထမဆုံးသော ကမ္ဘာ့ကျန်းမာရေး ညီလာခံကို ကျင်းပခဲ့ပါတယ်။
ဒီညီလာခံက နှစ်စဉ် ဧပြီလ ၇ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့ အဖြစ် သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပြီး ၁၉၅၀ ခုနှစ်က စ လို့ နှစ်စဉ် ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးနေ့ဟာ (WHO) တည်ထောင်တာကို အမှတ်တရ ဂုဏ်ပြုဖို့အတွက်ရယ်၊ နောက်ပြီး နှစ်စဉ် ကမ္ဘာ့ကျန်းမာရေး အခြေအနေတွေမှာ အရေးကြီးတဲ့ အကြောင်းအရာတွေကို တကမ္ဘာလုံး အာရုံစိုက်မိစေဖို့ အတွက်ရယ် ရည်ရွယ်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးနေ့မှာ (WHO) ဟာ နှစ်တနှစ်ရဲ့ သတ်မှတ်ထားတဲ့ ရည်မှန်းချက် (Theme) ကို နိုင်ငံတကာအဆင့်၊ ဒေသ အဆင့် နဲ့ ဒေသန္တရ အဆင့် အလိုက် လှုပ်ရှားမှုတွေ ပြုလုပ်စေပြီး စီစဉ်ကျင်းပခဲ့ပါတယ်။
နှစ်စဉ်ကျင်းပခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့တွေမှာ သတ်မှတ်ခဲ့တဲ့ တချို့  (Theme) တွေကတော့ -
၂၀၁၂ - သက်ကြီးသူတို့ ကျန်းမာဖို့ လူမှုဘဝမြှင့်တင်စို့
၂၀၁၁ - ဆေးဝါးယဉ်ပါးမှု အန္တရယ် ကာကွယ်ဖို့၊ အားလုံးပူးပေါင်း တိုက်ဖျက်ကြစို့
၂၀၁၀ - မြို့ပြလူမှုဘဝ မြင့်မားရေး ကျန်းမာရေးကို မြှင့်တင်ပေး
၂၀၀၉ - ကျန်းမာရေးအတွက် အရေးကြုံက ကျော်လွှားနိုင်ရန် ပြင်ဆင်မှ အသက်ပေါင်းများစွာ ချမ်းသာရ
၂၀၀၈ - ရာသီဥတု ပြောင်းလဲမှု ကျန်းမာရေးအတွက် သတိပြု
 စသည်တို့ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ ဆီးချိုရောဂါ ဖြစ်ပွားမှု တိုးမြင့်လာခြင်းကို ရပ်တန့်ဖို့  (Theme) ပြုလုပ်ခဲ့ပြီး
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့  "စိတ်ကျဝေဒနာ၊ ပြောဆိုတိုင်ပင် ဆွေးနွေးပါ " ဆိုတဲ့ (Theme) နဲ့ ကမ္ဘာ့ ကျန်းမာရေးနေ့ကို ကျင်းပခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ
ဒီနှစ် ၂၀၁၈ မှာတော့ Universal Health Coverage :Everyone Everywhrer “နေရာတိုင်း၊ လူတိုင်းအရေး၊ ကျန်းမာရေးကိုဆောင်ကြဉ်းပေး” ဆိုတဲ့ ရည်မှန်းချက်နဲ့ ကမ္ဘာ့ ကျန်းမာရေးနေ့ကို ကျင်းပခဲ့ပါတယ်။
အဲဒီ ရည်မှန်းချက်အတွက် ကြွေးကြော်သံကတော့ "လူတိုင်းအတွက် ကျန်းမာရေး" ဖြစ်ပါတယ်။
Universal Health Coverage :Everyone Everywhrer “နေရာတိုင်း၊ လူတိုင်းအရေး၊ ကျန်းမာရေးကိုဆောင်ကြဉ်းပေး”
ဒီဆောင်ပုဒ်နဲ့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ အောက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

၁၉၄၈ ခုနှစ် ဧပြီ ၇ ရက်မှ ဇူလိုင် ၂၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအစည်းအဝေးကြီး မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကိုဖွဲ့စည်းနိုင်ခဲ့တာဟာ ဒီနှစ် ၂၀၁၈ ဆို နှစ်ပေါင်း ၇၀ ပြည့်ခဲ့ပါပြီ။ ဒီ နှစ် ၇၀ မြောက် နှစ်ပါတ်လည်နေ့မှာ (WHO) ဟာ  ကမ္ဘာ့ခေါင်းဆောင်တွေကို ၂၀၁၅ ခုနှစ်မှာ သူတို့ ကတိပြုထားခဲ့တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ပန်ကြားလိုက်ပါတယ်။  ဒီရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အတွက်  ကမ္ဘာ့ခေါင်းဆောင်တွေဟာ လူတိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်ဖို့ အကြွင်းမဲ့ ကျန်းမာရေးလွမ်းခြုံမှု (Universal Health Coverage)ပန်းတိုင် ကို ရရှိအောင် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ပြီး ရှေ့ဆက်ဖို့လဲ(WHO)က ပန်ကြားထားပါတယ်။ ဒါဟာဘာကို ဆိုလိုတာလဲ ဆိုတော့ နေရာတိုင်းမှာ လူတိုင်းအတွက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကို သူလို့ လိုအပ်တဲ့ အချိန်မှာ ငွေကြေးအခက်အခဲ မရှိစေပဲ ရရှိနိုင်စေဖို့ ဖြစ်ပါတယ်။  နိုင်ငံတိုင်းဟာ အကြွင်းမဲ့ ကျန်းမာရေးလွမ်းခြုံမှု ပန်းတိုင် ကို ရောက်ရှိအောင် ကြိုးပမ်းတဲ့ နေရာမှာ နည်းလမ်းတွေကတော့ တူညီမယ် မဟုတ်ပါဘူး။ နိုင်ငံတိုင်းအတွက် ပုံစံတူ နည်းလမ်းဆိုတာလဲ မရှိနိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံတိုင်းဟာ မိမိနိုင်ငံကို  အကြွင်းမဲ့ ကျန်းမာရေး လွမ်းခြုံမှု အခြေအနေ တိုးတက်လာအောင် သင့်လျှော်ရာ နည်းလမ်းနဲ့  ကြိုးစားလုပ်ဆောင်ရပါလိမ့်မယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတင်းစကားဖြန့်ဝေ ခဲ့ပါတယ်။

စိန်ခေါ်မှုတွေ
အခုချိန်မှာ အနည်းဆုံး ကမ္ဘာ့လူဦးရေ တဝက်လောက်ဟာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူနိုင်ခြင်းမရှိပါဘူး။ ဒါ့အပြင် လူဦးရေ သန်း ၁၀၀ လောက်ဟာလည်း တနေ့ကို ၂ ဒေါ်လာ ထက်နည်းတဲ့ ၀င်ငွေနဲ့ နေထိုင်ရပြီး သူတို့ရဲ့ ကျန်းမာရေးအတွက်လဲ သူတို့ သုံးစွဲရတဲ့ အခါ အလွန်အမင်းဆင်းရဲနွမ်းပါးမှု ဖြစ်အောင် တွန်းပို့သလိုဖြစ်နေပါတယ်။

အဖြေရှာခြင်း
အခု ဆယ်စုနှစ်တွေမှာ အကြွင်းမဲ့ ကျန်းမာရေးလွမ်းခြုံမှု ဟာ  ကျန်းမာရေးနဲ့ဆက်နွယ်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ဆီသို့ တိုးတက်လာစေရန် သော့ချက် မဟာဗျူဟာ အဖြစ် ပေါ်ထွက်လာပါတယ်။ လူထုကို အရည်အသွေးမှီ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ငွေကြေးအခက်အခဲ မရှိအောင် အကာအကွယ်ပေးမှု ရရှိအောင်အခွင့်အလမ်းပေးတာဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ ဘ၀သက်တမ်းကို တိုးမြှင့်ပေးတာတင်မကပါဘူး။ ဒါဟာ တိုင်းပြည်တွေကို ကပ်ရောဂါတွေမပျံ့နှံ့အောင်၊ ဆင်းရဲငတ်မွတ်မှုလျော့ကျအောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာအောင်၊ စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်လာအောင် နဲ့ ကျားမ တန်းတူမှု မြင့်တင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

ဘယ်လိုတွေဆောင်ရွက်မှာလဲ
(WHO) ရဲ့ အမှုဆောင်ချုပ်က ဒီလိုပြောခဲ့ပါတယ်။ ဘယ်သူမှ ငွေကြေးအကုန်မခံနိုင်လို့ သေတဲ့ အဖြစ်မျိုးမဖြစ်စေရဘူး။ ဘယ်သူမှ စားစရာဝယ်မလား ဆေးဝယ်မလား ရွေးစရာမလိုရဘူး။
ဒါကြောင့် ၂၀၁၈ ကစပြီး အကြွင်းမဲ့ ကျန်းမာရေးလွမ်းခြုံမှု မဟာဗျူဟာမှာ ပါဝင်ပါတ်သက်သူတွေကို WHO က လှုံ့ဆော်ခြင်း၊ တွန်းအားပေးခြင်းနဲ့ ဦးဆောင်လမ်းပြလုပ်ခြင်းဖြင့် အကြွင်းမဲ့ ကျန်းမာရေးလွမ်းခြုံမှုကို အကောင်အထည်ဖော်စေရန် ရည်ရွယ်ပါတယ်။
လှုံ့ဆော်ခြင်း - နိုင်ငံရဲ့ မူဝါဒ ချမှတ်သူတွေကို တိုင်းပြည်ရဲ့ ကျန်းမာရေးပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာမယ့် အကျိုးတွေကို မီးမောင်းထိုးပြမှာဖြစ်ပြီး သူတို့ကိုလဲ ဒီအပြောင်းအလဲကို ပါဝင်ဆောင်ရွက်ဖို့ လှုံ့ဆော်မှာဖြစ်ပါတယ်။
တွန်းအားပေးခြင်း - အကြွင်းမဲ့ကျန်းမာရေးလွမ်းခြုံမှု လမ်းကြောင်းပေါ်ကို ရောက်နေပြီဖြစ်တဲ့ နိုင်ငံတွေရဲ့ တိုးတက်မှုတွေကို နမူနာပြပြီး အခြားနိုင်ငံတွေကို သူတို့ရဲ့ လမ်းကြောင်းပေါ် ဆက်လျှောက်အောင် တွန်းအားပေးမှာဖြစ်ပါတယ်။
ဦးဆောင်လမ်းပြလုပ်ခြင်း - ကျန်းမာရေး ၀န်ဆောင်မှု လွမ်းခြုံမှု ကျယ်ပြန့်အောင်လုပ်ခြင်း၊ ကျန်းမာရေး ၀န်ဆောင်မှု အရည်အသွေးတက်အောင်လုပ်ခြင်း၊ ကျန်းမာရေး ၀န်ဆောင်မှု စရိတ်လျှော့ချခြင်း စသည့် အကြွင်းမဲ့ကျန်းမာရေးလွမ်းခြုံမှု လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် အထောက်အကူ နည်းလမ်းများ ကို အောင်မြင်နေသည့်နိုင်ငံများမှ မျှဝေသွားမည်။


 
အကြွင်းမဲ့ ကျန်းမာရေးလွမ်းခြုံမှု နဲ့ မြန်မာနိုင်ငံ
အကြွင်းမဲ့ ကျန်းမာရေးလွမ်းခြုံမှု ကို မြန်မာတနိုင်ငံလုံးရရှိစေချင်မိပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ဆိုတာ ဆေးကုသတာတခုထဲ မမြင်စေချင်ပါဘူး။
ပြည်သူလူထုကို ကျန်းမာရေး အသိပညာ တိုးတက်အောင် လုပ်ပေးတာကလဲ ကျန်းမာရေး စောင့်ရှောက်မှု ပေးတာပါဘဲ။ ပြည်သူလူထု ကျန်းမာရေး အသိပညာ တိုးတက်လာရင် မလိုအပ်ဘဲ ဆေးကုရတာတွေ၊ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတာတွေကို လျှော့ချနိုင်မှာပါ။ ဒါ့အပြင် ဆေးကုသစရိတ်တွေ လျှော့ချနိုင်ရင် ပြည်သူတွေလဲ ၀င်ငွေတွေကို ပိုသုံးနိုင်ပြီး တိုင်းပြည်လဲ စီးပွားရေးတိုးတက်လာနိုင်ပါတယ်။
အကြွင်းမဲ့ ကျန်းမာရေးလွမ်းခြုံမှု ရရှိဖို့ မြန်မာနိုင်ငံဟာ ခရီးရှည်ကြီးကို လျှောက်ရဦးမှာပါ။ ကျေးလက်တောရွာတွေ၊ နယ်စွန်နယ်ဖျားတွေအထိ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ လုပ်ဆောင်ရမှာပါ။ ဒီနေရာမှာ အခမဲ့ ဆိုတာလေးကို ထည့်ပြောချင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လို့ မသုံးနှုန်းထားပါဘူး၊ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တဲ့ အချိန်မှာ ငွေကြေးအခက်အခဲ မရှိစေပဲ ရရှိနိုင်ဖို့ လို့ပြောထားတာပါ။  အခမဲ့ ဆေးကုသမှု ရနိုင်ဖို့ဆိုတာ နိုင်ငံတိုင်း၊ ဒေသတိုင်းမှာ မဖြစ်နိုင်ပါဘူး။ ချမ်းသာတဲ့ တချို့ နိုင်ငံတွေမှာ တော့ ရှိမှာပါ။ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တဲ့ အချိန်မှာ ငွေကြေးအခက်အခဲ မရှိစေပဲ ရရှိနိုင်ဖို့ ဆိုတာက သင့်တော်တဲ့ ငွေကြေးပမာဏနဲ့ ကုသမှု ခံယူနိုင်ဖို့၊ ကျန်းမာရေးကုသမှု စရိတ် လျှော့ချဖို့ ကို ဆိုလိုတာပါ။ ဒီအတွက်လဲ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပြည်သူလူထု ပူးပေါင်းဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်အနေနဲ့ နယ်စွန်နယ်ဖျုားအထိ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်အောင် ဆက်လက်တိုးချဲ့ပြီး ပြည်သူလူထုကတော့ ကျန်းမာရေးအသိတိုးတက်အောင် လုပ်ဆောင်ရမှာပါ။
ကျနော်ကတော့ မြန်မာတနိုင်ငံလုံး အကြွင်းမဲ့ ကျန်းမာရေးလွမ်းခြုံမှု ရရှိစေကြောင်း ရည်ရွယ်ချက်နဲ့ ဒီပိုစ်ကို ရေးသားလိုက်ပါတယ်။

Ref; WHO world health day campaign
Photo credit; MRTV 4 News - world health day
ခင်တဲ့
waiyanlin



Comments