ဓာတ်တိုးပစ္စည်း = free radicals
ဓာတ်တိုးဆန့်ကျင်ပစ္စည်း = antioxidants
ခန္ဓာကိုယ်ထဲကို ဓာတ်တိုးပစ္စည်းတွေဘယ်လိုရောက်ရှိလာသလဲ
အချို့သော ဓာတ်တိုးပစ္စည်းများဟာ ပုံမှန်ဇီဝရုပ်ဖြစ်ပျက်မှုဖြစ်စဉ်အတွင်း ပေါ်ထွက်လာတတ်ပါတယ်။ တခါတရံ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်မှာရှိတဲ့ ဆဲလ်တွေဟာ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးမွား တွေကို ချေဖျက်ပစ်လိုက်ပါတယ်။ ဒီအခါ ဓာတ်တိုးပစ္စည်းတွေထွက်လာပါတယ်။
ဒါ့အပြင် ပတ်ဝန်းကျင်ဆိုင်ရာ လေထုညစ်ညမ်းခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ စီးကရက်မီးခိုးရှုရှိုက်ရခြင်း နဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတာတွေကြောင့် ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးပစ္စည်းတွေ များပြားလာစေပါတယ်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်ဟာ ဓာတ်တိုးပစ္စည်းတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေမရရှိရင်၊ ဒါမှမဟုတ် ဓာတ်တိုးပစ္စည်းတွေ ကိုယ်ခန္ဓာအတွင်းဖြစ်ပေါ်မှု အရမ်းများနေရင် ထိခိုက်မှုဖြစ်လာနိုင်ပါတယ်။ အချိန်ကြာပြီး အသက်ကြီးလာလေ မကောင်းတဲ့ ဓာတ်တိုး ပစ္စည်းတွေ ခန္ဓာကိုယ်ထဲ စုပုံလာလေ ဖြစ်လာပါတယ်။
ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမဖြစ်အောင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဘယ်လို ကာကွယ်ပေးနိုင်သလဲ။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အီး တို့ဟာ ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေက ဆဲလ်တွေနဲ့ တစ်ရှုးတွေကို ထိခိုက်ကာ ရောဂါဖြစ်စေနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အဲဒီလိုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင်အီးဟာ အဆီမှာပျော်ဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ဓာတ်တိုးခြင်း (oxidation) မဖြစ်အောင် အဓိက ကာကွယ်ပေးပါတယ်။
ဗီတာမင်စီကတော့ ရေမှာပျော်ဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး လေထုညစ်ညမ်းမှုနဲ့ စီးကရက်မီးခိုးတွေကြောင့်ဖြစ်တဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်ပေးပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ရောဂါကာကွယ်နိုင်စွမ်း
* နှလုံးရောဂါ - ဗီတာမင်အီးဟာ မကောင်းတဲ့ ကိုလက်စထရော (LDL) များခြင်းနဲ့သွေးကြော ပိတ်ဆို့စေတဲ့ သွေးချေးဖတ်ပိတ်ဆို့ခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။
* ကင်ဆာရောဂါ - ဗီတာမင်စီ ပမာဏများစွာ မှီဝဲတာဟာ ကင်ဆာရောဂါ၊ အထူးသဖြင့် ခံတွင်း၊ အစာရေမျိုပြွန်နဲ့ အသံအိုးကင်ဆာတို့ ဖြစ်နှုန်းကို လျော့ကျစေကြောင်း လေ့လာမှုများက ဆိုပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ရရှိစေရန် စားသောက်သင့်သည်များ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို များစွာ စားသုံးသင့်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ကို ထိခိုက်မှုမှ ကာကွယ်ကြောင်း ပညာရှင်တွေက ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဗီတာမင်အားဖြည့်ဆေးတွေကို အလွန်အကျွံစားခိုင်းခြင်းမဟုတ်ပါ။
သဘာဝက ဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ပိုမို ကောင်းမွန်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမြောက်အမြားပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့မှာ ငါးကြိမ်မှ ရှစ်ကြိမ်စားသင့်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားမယ်ဆိုရင် ရေစင်အောင် ဆေးပြီးမှ စားဖို့ မမေ့နဲ့နော်။
ခင်တဲ့
waiyanlin

Comments
Post a Comment