မိတ်ဆွေများ အတွက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာလေးတခု မျှဝေချင်ပါတယ်။
ရောဂါကူးစက်မှု ကာကွယ်နိုင်ဖို့ သတိထားရမယ့် အချက်လေးတွေဖြစ်ပါတယ်။
ကျနော်တို့ နေတဲ့ ကမ္ဘာကြီးက မမြင်နိုင်တဲ့ ပိုးမွှားလေးတွေပြည့်နေတာပါ။
အဲဒီပိုးမွှားတွေထဲကမှ လူကို အန္တရာယ်ပေးတဲ့ ပိုးမွှားကို ရောဂါပိုးလို့ ခေါ်တယ်။
လူတွေမှာ ဖြစ်ပွားတဲ့ ရောဂါတွေကိုလည်း နှစ်မျိုး ခွဲတယ်။
ကူးစက်နိုင်သောရောဂါနဲ့ မကူးစက်နိုင်သောရောဂါဆိုပြီးတော့ ခွဲထားပါတယ်။
ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါတွေက ကူးစက်တဲ့ရောဂါတွေပေါ့။ ဥပမာပြောရမယ်ဆိုရင် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ နဲ့ အခုလူအများကြောက်လန့်ကြတဲ့ အသဲရောင်ဘီရောဂါတို့ ခုခံအားကျဆင်းတဲ့ရောဂါတို့ ပါဝင်ပါတယ်။
မကူးစက်နိုင်တဲ့ရောဂါတွေကတော့ လူ့ ကိုယ်ခန္ဓာ ချွတ်ယွင်းပျက်ဆီးမှုကြောင့် ဖြစ်တာပါ။
သွေးကြောတွေမာပြီး အဆီတွေပိတ်လို့ဖြစ်လာတဲ့ သွေးတိုးရောဂါ။ နှလုံးရောဂါ စတဲ့ရောဂါတွေပါ။
အခု ကျနော်ပြောချင်တာက ကူးစက်နိုင်တဲ့ရောဂါတွေကို ကိုယ့်ဆီမကူးစက်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာပါ။
အဲဒီတော့ ကူးစက်ပုံသိမှ ကာကွယ်လို့ရမှာမို့ ကူးစက်ရောဂါတွေကို ကူးစက်ပုံအရ အမျိုးအစားပြန်ခွဲပြပါ့မယ်။
(၁) အစာသို့ ရေမှတဆင့် ကူးစက်သောရောဂါများ
ဥပမာ - ၀မ်းရောဂါ၊ တိုက်ဖွိုက်ခေါ်အူရောင်ငန်းဖျား၊ ပိုလီယိုအကြောသေရောဂါ
(၂) အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်သောရောဂါများ
ဥပမာ - နမိုးနီးယား ခေါ် အဆုတ်အအေးမိခြင်း၊ ဆားစ်ရောဂါ။ ၀က်သက်။ တီဘီ၊ ဦးနှောက်အမြေးရောင်ရောဂါ
(၃) သွေး သို့မဟုတ် လိင်မှတဆင့် ကူးစက်သောရောဂါများ
ဥပမာ - အသဲရောင်ဘီ၊ အသဲရောင်စီ၊ ကာလသားရောဂါများ၊ HIV/AIDS ခုခံအားကျဆင်းမှုရောဂါ
(၄) အင်းဆက်မှတဆင့်ကူးသောရောဂါ
ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊
(၅) တိရိစ္ဆာန်မှတဆင့်ကူးသောရောဂါ
ပုလိပ်ရောဂါ၊ ခွေးရူးပြန်ရောဂါ၊ ဒေါင့်သန်းရောဂါ
ကဲ နေရာအနှံ့က ပုံစံစုံနဲ့ကို ရောဂါတွေက ကူးနေတာပါ။
ဒါဆို ရောဂါမကူးစက်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်လေးတွေကြည့်ရအောင်နော်
(၁) တကိုယ်ရေသန့်ရှင်းရေး၊
အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ အစာ(သို့မဟုတ်) ရေမှကူးစက်သောရောဂါတွေနဲ့ အသက်ရှုလမ်းကြောင်းရောဂါတွေဟာ အဓိက တကိုယ်ရေသန့်ရှင်းမှု အားနည်းလို့ ဖြစ်ရတာပါ။
တကိုယ်ရေသန့်ရှင်းရေးမှာ အဓိက က လက်ဆေးခြင်းပါ။ လက်တွေဟာ နေရာတကာကို ထိကိုင်ထားပါတယ်။ ဘယ်နေရာမှာ မဆိုရောဂါပိုးက ရှိနိုင်ပါတယ်။ ဒီတော့ ပါးစပ်ထဲ ထည့်မယ့် အစားအစာတွေကို မကိုင်ခင်မှာ လက်ဆေးရပါတယ်။ နောက်တခု ရှိပါသေးတယ်။ အသက်ရှုလမ်းကြောင်းရောဂါဆို လူတွေက လေထဲကနေတိုက်ရိုက်ကူးတယ်လို့ ယူဆပါတယ်။ လေထဲက တိုက်ရိုက်ကူးစက်တာက ရာခိုင်နှုန်းနည်းပါတယ်။ အများဆုံးကူးစက်တာက လက်ကနေတဆင့်ပါ။ လက်ကနေဘယ်လိုကူးမလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့၊ ဥပမာပြောရရင် တီဘီရောဂါသည်တယောက် ချောင်းဆိုးရင် အဲဒီတံတွေးအမှုန်လေးတွေက နေရာအနှံ့ပြန့်သွားပါတယ်။ ကြမ်းပြင်တို့ တံခါးလက်ကိုင်၊ စားပွဲ စသည်ဖြင့် နေရာအနှံ့ပါဘဲ။ အဲဒီနေရာတွေကို တခြားတယောက်က လက်နဲ့ ကိုင်မိပါတယ်။ ပြီးတော့ သူ့မျက်နှာကို လက်နဲ့ ပွတ်သပ်ပါတယ် ။ မျက်နှာကို လက်နဲ့ ပွတ်တဲ့အချိန်မှာ အသက်ရှုနေတော့ အဲဒီတီဘီရောဂါပိုးအမှုန်တွေက အသက်ရှုလမ်းကြောင်းထဲရောက်သွားပြီး ရောဂါကူးပါတယ်။
ဒါကြောင့် လက်ဆေးခြင်းက အရေးကြီးလှပါတယ်။ မျက်နှာကို ကိုင်ရင် လက်ဆေးပြီးမှ ကိုင်ဖို့။
လက်ဆေးရင်လဲ သေချာ ဆပ်ပြာနဲ့ တိုက်ဆေးဖို့ လိုပါတယ်။ ရေနဲ့ ဆေးရင်တော့ ရောဂါပိုးတွေကပ်ပြီး ကျန်နိုင်ပါတယ်။
(၂) ရောဂါရှိသူများနှင့် ထိတွေ့ရလျှင် လိုအပ်သောကာကွယ်မှုလုပ်ပါ။
ဥပမာ လူနာ၏သွေး၊ အညစ်အကြေး၊ တံတွေးများကို လက်အိပ်စွပ်ပြီးမှ ကိုင်တွယ်ပါ။ လိုအပ်လျှင် မျက်နှာဖုံးစွပ်ပါ။ သွေးမှတဆင့်ကူးသောရောဂါများ၊ အသက်ရှုလမ်းကြောင်းရောဂါများ ကာကွယ်ရန်ဖြစ်ပါတယ်။
(၃)ချွန်ထက်သည့်ပစ္စည်းများကို သတိထားကိုင်တွယ်ပါ။ ဘလိတ်ဓါးကို တခါပဲသုံးပါ။ အများနှင့်ရောမသုံးပါနှင့်။
ကျနော့်မိတ်ဆွေတယောက် သူများ ဘလိတ်ဓါး ယူသုံးမိတာ HIV ကူးသွားပါတယ်။
(၄) အိမ်သုံးပစ္စည်းများကိုလဲ သေသေချာချာ စင်ကြယ်အောင် ဆေးဖို့လိုပါတယ်။
(၅) ပတ်ဝန်းကျင်သန့်ရှင်းရေး။
ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ ခြင်။ ယင် ၊ ကြွက် စတဲ့ ရောဂါသယ်ဆောင်နိုင်တဲ့ကောင်တွေ မခိုအောင်းနိုင်အောင် ရှင်းလင်းထားဖို့ လိုပါတယ်။
(၆) အစားအသောက်ကို တတ်နိုင်သမျှ ပူပူနွေးနွေးစားဖို့လိုပါတယ်။ ချက်ပြီး ၁နာရီအတွင်းစားနိုင်ရင် အကောင်းဆုံးပါ။ ဟင်းတွေကျန်နေမယ်ဆိုရင်လဲ သေချာ ဖုံးအုပ်သိမ်းဆည်းထားဖို့လိုပါတယ်။
(၇) အ၀တ်အစားတွေကိုလဲ သေချာ လျှော်ဖွပ်ပြီးမှ သုံးသင့်ပါတယ်။ သူများဝတ်ထားတဲ့ အ၀တ်အစားကို မလျှော်ပဲ မ၀တ်ရပါဘူး။
မိတ်ဆွေတယောက် လဲသူ့အကို ဘောင်းဘီကို ယူဝတ်မိတာ ကာလသားရောဂါကူးပါလေရော။
(၈) ကာကွယ်ဆေးထိုးခြင်း - ကာကွယ်ဆေးရနိုင်တဲ့ ရောဂါတွေအတွက် ကာကွယ်ဆေးထိုးထားတာက အန္တရာယ် အကင်းဆုံးပါ။ ဥပမာ - အသည်းရောင်ဘီ ကာကွယ်ဆေး၊ ခွေးရူးပြန်ကာကွယ်ဆေး၊ တိုက်ဖွိုက် ကာကွယ်ဆေး၊
ကဲ ဒီအချက်ကလေးတွေကို သတိထားမယ်ဆိုရင် မိတ်ဆွေတို့ ကူးစက်ရောဂါဘေးက ကင်းဝေး နိုင်ကြမှာပါ။
အဓိက လက်ဆေးဖို့ မမေ့ကြပါနဲ့။ မျက်နှာကို လဲ လက်မဆေးပဲ မကိုင်ကြပါနဲ့ နော်။
မိတ်ဆွေများ ကျန်းမာပြီး စိတ်၏အေးချမ်းမှု ရကြပါစေ
ခင်တဲ့
waiyanlin

Comments
Post a Comment